E-ID Database နှင့် အချက်အလက်လုံခြုံရေး
2021 February နောက်ပိုင်းမှာ မြန်မာနိုင်ငံတွင်းအင်တာနက်သုံးစွဲသူတွေသာမက မိုဘိုင်းဖုန်း မိုဘိုင်းဆင်းကဒ် အသုံးပြုမှုတွေရဲ့ အချက်အလက်တွေဟာ လုံခြုံရေးအတွက် စိုးရိမ်ရေမှတ်အထိမြင့်တတ်လာခဲ့ပါတယ်။ ဒီလို မလုံခြုံမှုတွေ ကြားထဲမှာ သိသိသာသာ ထိန်းချုပ်ဖို့ကြိုးစားခံနေရတာကတော့ Sim card အသုံးပြုမှုများနှင့် Sim card ဆိုင်ရာ အချက်အလက်များကို အခြေခံပြီးတည်ဆောက်နေဆဲ database များကို တလွဲ အသုံးပြုရန်အတွက် ဆောက်ရွက်နေကြခြင်းဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေအရ ပြည်သူ ၅၂ သန်းကျော်ရဲ့ အသေးစိတ်အချက်အလက်တွေကို National Database တစ်ခုအနေနဲ့ စုဆောင်းသိမ်းဆည်းပြီးဖြစ်တယ်ဆိုတာကို သိရပါတယ်။
ဒီ Database ဟာ ဗဟိုချုပ်ကိုင်ထားတာ ဖြစ်တဲ့ ယင်း Database ဟာ တစ်စုတစ်ဖွဲ့တည်းကသာ ပိုင်ဆိုင်ကိုင်တွယ်နိုင်တဲ့ ဒေတာအချက်အလက်တွေ ဖြစ်ပြီး ပြည်သူအားလုံးရဲ့ အချက်အလက်အားလုံးပါဝင်မှာ ဖြစ်ပါတယ်။ Database ထဲမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူနှင့် အခြားကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ (၅၂)သန်းကျော် ရဲ့ အချက်အလက်တွေ ပါဝင်မှာဖြစ်ပါတယ်။
ဒီ E-ID Database ထဲမှာ Sim card မှတ်ပုံတင်စဉ်က ပေးခဲ့သော အချက်အလက်များ ဖြစ်တဲ့ အဘနာမည်၊ လူမျိုး၊ ကျား/မ၊ အီးမေးလ်လိပ်စာ၊ နာမည်ရင်း၊ နေရပ်လိပ်စာအပြည့်အစုံ၊ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ်၊ လူမှုကွန်ရက်အကောင့်၊ တခြားဆက်သွယ်ရန်ဖုန်းနံပါတ်၊ အိမ်ထောင်ရေးအချက်အလက်၊ အလုပ်အကိုင်၊ ပညာအရည်အချင်း ၊ ကိုယ်စိတ်ဝင်စားလေ့ရှိတဲ့အကြောင်းအရာတွေကိုဖြည့်ခဲ့ရင် ယင်းအကြောင်းအရာ စတာတွေပါဝင်နေပါတယ်။
ဒါ့အပြင် Database ထဲမှာ
- မိမိ အသုံးပြုတဲ့ SIM Card တွေမှာ ပါဝင်တဲ့ IMSI နံပါတ်
- SIM Card ထည့်သွင်း အသုံးပြုတဲ့ ဖုန်းရဲ့ IMEI နံပါတ်တွေလည်းပါဝင်နိုင်ပါတယ်။
SIM Card မှတ်ပုံတင်စဉ်က ပေးခဲ့တဲ့အချက်အလက်တွေဟာ ကိုယ်ဝယ်သုံးတဲ့ အော်ပရေတာတစ်ခုတည်းကိုပဲ ပေးရတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေတာတွေစုဆောင်းနိုင်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်တော့ပဲ ဘယ်အော်ပရေတာကို ပေးခဲ့တဲ့အချက်အလက်ပဲဖြစ်ဖြစ် အားလုံးဟာ တစ်စုတစ်စည်းတည်း ဖြစ်သွားပြီဖြစ်ပါတယ်။
ဒီ အချက်အလက်တွေကိုမူတည်ပြီး Sim Card အခြေပြု ခြေရာခံခြင်းတွေပြုလုပ်နေနိုင်မို့ အထူးသတိထားဖို့လိုအပ်ပါတယ်။ တချို့သောနိုင်ငံတွေမှာ နိုင်ငံသားတိုင်းရဲ့ ဒီလို Database တွေ ရှိပြီး အကြောင်းအရာအမျိုးမျိုးမှာ အကြောင်းပြချက် အမျိုးမျိုးနဲ့ အသုံးချနေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီလို Database တွေဟာ မသမာသူ ၊ လူ့အခွင့်အရေးတွေကိုပေါ်ပေါ်ထင်ထင် ချိုးဖောက်သူများလက်ထဲမှာဆိုရင်တော့ အကျိုးဆက်တွေကတော့ မတွေးရဲစရာဖြစ်နိုင်ပါတယ်။
E-ID နဲ့ဘယ်လို ထောက်လှမ်းလို့ရနိုင်ပါသလဲ?
အချက်အလက်အမှန်နဲ့မှတ်ပုံတင်ထားတဲ့ SIM Card ကို သုံးစွဲဖို့ ဖိအားပေးလာတာတွေရှိလာတာနဲ့အမျှ မှတ်ပုံတင်ထားတဲ့ SIM Card တွေကို မဖြစ်မနေ သုံးရတာမျိုး ကြုံလာရနိုင်ပါတယ်။ အဲဒီအခါမှာတော့ SIM Card နဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့ ဆက်သွယ်ရေး တွေ ၊ ဆောင်ရွက်ချက်တွေဟာ Mobile Operator တွေနဲ့ Nation Gateway ကို ထိန်းချုပ် စောင့်ကြည့် ကြည့်ရှုခွင့်ရှိနေသူတွေရဲ့ လက်အောက်ကို လုံးဝ ကျရောက်သွားမှာပါတယ်။
Database ကို Electronic အနေနဲ့ပြောင်းလိုက်ပြီလား?
- လတ်တလောမှာတော့ စုဆောင်းထားတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို Electronic ဒေတာတွေ အဖြစ်နဲ့ မှတ်တမ်းတင် သိမ်းဆည်းတဲ့ လုပ်ငန်းစဉ် ပြီးဆုံးပြီလို သိရပါတယ်။
- ဒီအချက်အလက်တွေဟာ SIM Card မှတ်ပုံတင်ခြင်းက တစ်ဆင့် ကောက်ခံရရှိတဲ့ စာရင်းတွေကနေ ဖြစ်နိုင်သလို မြေပြင်မှာ အဆင့်ဆင့်စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေ ကနေလည်း ဖြစ်နိုင်ပါတယ်။
- လူတစ်ဦးတစ်ယောက်ရဲ့ အချက်အလက်ကို သိချင်ရင် အဆင့်ဆင့် ဆက်သွယ် မေးမြန်းနေစရာ မလိုတော့ပဲ စုဆောင်းထားတဲ့ System ထဲကနေ Keyword တစ်ခု ရိုက်ထည့်လိုက်တာနဲ့ တိကျတဲ့ အချက်အလက်တွေ ရရှိနိုင်တဲ့ အနေအထားကို ရောက်သွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် Biometric Registration System ကို စတင် အသုံးပြုလာပြီဆိုရင်လည်း အခြေအနေဟာ ပိုမိုဆိုးရွားလာနိုင်ပါတယ်။
Biometric Database ထဲမှာ
- လက်ဗွေရာ
- မျက်နှာသွင်ပြင်
- မျက်ကြည်လွှာ
- လက်ဖဝါး
- သွေးအမျိုးအစား စတာတွေအပြင်
- လမ်းလျှောက်ဟန်
- အသံနေအသံထားတွေပါ ပါဝင်နိုင်ပါတယ်။
ဒီ Database ကို ဘယ်လိုသုံးနိုင်လဲ။
ဒီ Biometric Data တွေကို အခြေခံပြီး ဘယ်သူဘာလုပ်တယ်ဆိုတာမျိုးဟာ အချိန်နဲ့အမျှ စုဆောင်းနေတဲ့ အချက်အလက်တွေက တစ်ဆင့် သိရှိသွားနိုင်မှာဖြစ်ပါတယ်။ ဉပမာ – မျက်နှာ အသွင်အပြင်တွေကို ဆန္ဒပြပွဲဖြစ်ခဲ့တဲ့နေရာက CCTV မှတ်တမ်းတွေကတစ်ဆင့် Scan ဖတ်သိရှိနိုင်ပြီး ပြန်သွားတဲ့ လမ်းကြောင်းကိုလည်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် မှာရှိတဲ့ CCTV တွေကနေတစ်ဆင့် အဆင့်ဆင့် သိရှိနိုင်မှာ ဖြစ်ပါတယ်။မျက်နှာကို အပြည့်ဖုံးအုပ်ထားနိုင်မှ အဆင်ပြေနိုင်မှာ ဖြစ်ပြီး မျက်လုံးပေါ်တယ်ဆိုရင်တောင် ဘယ်သူဘယ်ဝါဆိုတာ သိနိုင်မယ့် အနေအထား ဖြစ်ပါတယ် ဒီစုဆောင်းတဲ့ အချက်အလက် တွေဟာ လူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို ဘယ်လောက် အားကောင်းတဲ့စု ဆောင်းမှုနဲ့ လုပ်ဆောင်သွားမှာလည်း ဆိုတာ စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ SIM Card တွေက ရတဲ့ ဒေတာတွေ၊ မြေပြင်တွေက ရတဲ့ဒေတာတွေအပြင် တခြားသော ချိတ်ဆက်ထားတဲ့ ဘဏ်အချက်အလက်တွေ၊ ငွေလွှဲငွေပြောင်းမှုစာရင်းတွေ၊ ပစ္စည်းဉစ္စာ ပိုင်ဆိုင်မှု စာရင်းတွေ၊ သွားလာဆက်သွယ်တဲ့လမ်းကြောင်းစာရင်းတွေဟာလည်း National Database ထဲမှာ ပါဝင်လာနိုင်ပါတယ်။
နောက်ဆက်တွဲများ အနေနဲ့
နည်းပညာဟာ အရေးပါတဲ့ နေ့စဉ်ဘဝတွေမှာ ဒီအချက်အလက် စုဆောင်းမှုတွေဟာ ပြည်သူတွေအပေါ် အလုံးစုံထိန်းချုပ်နိုင်ဖို့ အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။ ဒါတွေကို တန်ပြန်နိုင်ဖို့ကတော့ ဖိအားပေးမှုတွေ အပေါ်မှာ ဘယ်လိုတုန့်ပြန်သွားမလဲဆိုတာ အရေးကြီးပါတယ်။ ဖိအားပေးမှတ်ပုံတင်ခိုင်းတဲ့အခါမှာ ဘယ်လို ဆောင်ရွက်ကြမလဲ၊ ဆက်သွယ်ရေးဆိုင်ရာ လုံခြုံရေး၊အွန်လိုင်းနေထိုင်မှု လုံခြုံရေးအတွက် ဘယ်လိုနည်းလမ်း တွေက အကောင်းဆုံးဖြစ်မလဲ ဆိုတာကိုတော့ ဆက်လက်အဖြေရှာသွားနိုင်ဖို့ လိုအပ်ပါတယ်။
e-ID က လောလောဆယ်မှာ စောင့်ကြည့်နေရတဲ့ အနေအထားဖြစ်ပါတယ်၊ မြင်မိတာ၊ တွေးမိတာရှိတယ်ဆိုရင် comment လေးချန်ထားပေးဖို့ ဖိတ်ခေါ်ပါတယ်။