တယ်လီဆက်သွယ်ရေး ဘယ်လိုအလုပ်လုပ်လဲ
၂၁ ရာစုမှာ လူတွေ အချင်းချင်း ဆက်သွယ် ပြောဆိုဖို့အတွက် မိုဘိုင်းဖုန်းတွေကို အဓိက အသုံးပြုနေကြပြီး ဖုန်း Sim Card တွေဟာ မဖြစ်မနေ လိုအပ်တဲ့ အရာတစ်ခု ဖြစ်လာပါတယ်။ ဖုန်း sim card တွေကနေ တစ်ဆင့် ဖုန်းပြောဆိုတာ sms ပို့တာတွေအပြင် အင်တာနက်ပါ အသုံးပြုလို့ရလာချိန်မှာတော့ လူတိုင်းလိုလိုမှာ ဖုန်း Sim Card တစ်ခုကတော့ ရှိကိုရှိလာကြပါတယ်။ ဒီလို Sim Card တွေ အသုံးပြုနိုင်ဖို့ သက်ဆိုင်ရာ မိုဘိုင်း Sim ဝန်ဆောင်မှု ကုမ္ပဏီတွေကို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေးရပါတယ်။
ဒါကြောင့် မိုဘိုင်းဖုန်းဝန်ဆောင်မှု ( မိုဘိုင်းအော်ပရေတာ ) တွေကနေ တစ်ဆင့် အသုံးပြုသူရဲ့ အချက်အလက်တွေကို အခြေခံပြီး လိုအပ်သလို စောင့်ကြည့်မှုတွေ ပြုလုပ်လို့ရပါတယ်။ ဒီလိုစောင့်ကြည့်မှုတွေအပြင် Sim card အသုံးပြုနေသူ၏ လက်ရှိ တည်နေရာကိုပါ ခြေရာခံလို့ရပါတယ်။
Triangulation
အင်တာနက်အသုံးပြုသူတွေနဲ့ မိုဘိုင်းဖုန်းသုံးစွဲသူတွေဟာ များသောအားဖြင့် အင်တာနက်ပေါ်ကနေ ခြေရာခံခြင်းကိုသာ စိုးရိမ်တတ်ကြပါတယ် ။ ဒါပေမယ့် အင်တာနက်ကို ချိတ်ဆက်ထားခြင်းမရှိပဲ ကိုယ့်မှာဖုန်းတစ်လုံး Simcard တစ်ခုရှိရုံနဲ့ ကိုယ်ရဲ့ တည်နေရာကိုပျှမ်းမျှခြေရာခံနိုင်တယ်ဆိုတာကို သိပါသလား… ဒီလိုခြေရာခံခြင်းနည်းစနစ်ကို Triangulation Method လို့ခေါ်ပါတယ်။ ကိုယ့်ရဲ့ Simcard ကိုဖုန်းတစ်လုံးထဲ ထည့်လိုက်ပြီဆိုတာနဲ့ simcard အလုပ်လုပ်နိုင်ရန်အတွက် နီးစပ်ရာမှာရှိတဲ့ အနည်းဆုံး Tower တိုင် သုံးတိုင်ကို အလိုအလျှောက်သွားရောက်ချိတ်ဆက်ပါတယ်။ ဒါကြောင့် ဒီ Tower တိုင်တွေကို ထိန်းချုပ်ကိုင်တွယ်နေတဲ့ Mobile Operator တွေက ဒီ Simcard ဟာ ဘယ်နေရာမှာရှိတဲ့ Tower တိုင်တွေကို ချိတ်ဆက်နေလဲဆိုတာကို သိရနိုင်ပါတယ် ။ ဥပမာ ကိုယ်က ဆူးလေဘုရားပေါ်ကနေ ဒီ sim card ကိုအသုံးပြုနေတယ် ဆိုကြပါစို့ ဒီ sim card ဟာ ဆူလေးဘုရားပေါ်က တာဝါတိုင်သာမက မြို့တော်ခန်းမရှေ့က တာဝါတိုင် မဟာဗန္ဓုလ ပန်းခြံနားကညတာဝါတိုင် စတဲ့ နီးစပ်ရာက တာဝါတိုင်တွေကို ချိတ်ဆက်နေနိုင်တာဖြစ်တဲ့အတွက် မိုဘိုင်းအော်ပရေတာတွေက ဒီတာဝါတိုင်တွေကို ထောက်ပြီး ကိုယ်ရှိနေတဲ့နေရာကို ပျှမ်းမျှ ခန့်မှန်းနိုင်ပါတယ်။ Mobile Operator တွေကနေ စောင့်ကြည့်ရင်း Sim card အသုံးပြုနေမှု အကြောင်းအရာ မလုံခြုံတဲ့ ဆက်သွယ်ပြောဆိုတာတွေကို တွေ့ရပါက ကိုယ် ဘယ်သူဘယ်ဝါဆိုတာကို Sim card မှတ်ပုံတင်ထားတဲ့ အချက်အလက်တွေ Sim Card မှာ ပါဝင်တဲ့ IMEI , IMSI , IP address စတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။ ကိုယ့်နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ sim card ဖြစ်ခဲ့ပါက မှတ်ပုံတင်စဉ်က ထည့်သွင်းထားတဲ့ အချက်အလက်တွေ ပေါ်အခြေခံပြီး နာမည် မှတ်ပုံတင်နံပါတ် အသက်ကစလို့ မှတ်ပုံတင်ထဲမှာ ပါဝင်တဲ့ ကိုယ်နေထိုင်နေတဲ့နေရာ အထိသိရှိနေနိုင်ပါတယ် ။ 2022 နှစ်လယ်ပိုင်းမှာ မိုဘိုင်းဖုန်းတွေရဲ့ IMEI နံပါတ်တွေနဲ့ Sim card ရဲ့ IMSI တွေကိုပါ တူညီတဲ့ အချက်အလက်နဲ့ မှတ်ပုံတင်ဖို့ ပြောဆိုလာတာတွေကိုတွေ့ရပါတယ်။ IMEI ဆိုတာကတော့ International Mobile Equipment Identity ကိုဆိုလိုတာဖြစ်ပြီး Mobile ဖုန်းတိုင်းမှာ ပါဝင်တဲ့ မတူညီတဲ့ ကိုယ်ပိုင် နံပါတ်တွေဖြစ်ပါတယ် ။ IMSI ဆိုတာကတော့ International Mobile sim card Identity ဖြစ်ပြီး Sim card တွေတိုင်းမှာ ရှိတဲ့ မတူညီတဲ့ ကိုယ်ပိုင်နံပါတ်တွေပဲဖြစ်ပါတယ် ။ မိုဘိုင်းဖုန်းတစ်လုံးထဲက sim card တစ်ခု ထည့်သွင်း အသုံးပြုပြီဆိုတာနဲ့ mobile operator တွေက ဒီ Sim card ရဲ့ IMSI ကိုသိရှိနိုင်ပြီး ထည့်သွင်း အသုံးပြုနေတဲ့ mobile ဖုန်းရဲ့ IMEI နံပါတ် ၊ Internet Protocol လို့ခေါ်တဲ့ IP address တွေအပြင်ဖုန်းအမျိုးအစား အသုံးပြုတဲ့ operatorအမျိုးအစား စတဲ့ တချို့သော user data တွေကိုပါသိရှိနေနိုင်ပါတယ်။ ကိုယ်အသုံးပြုတဲ့ IMEI IMSI နံပါတ်တွေကို မှတ်ထားပြီးသားဖြစ်တဲ့အတွက် ကိုယ်က Sim card လဲလိုက်တယ်ဆိုရင်တောင် အရင်က အသုံးပြုခဲ့တဲ့ဖုန်းထဲကိုပဲ ထည့်တာဆိုရင် IMEI နံပါတ်တွေက တူညီနေတာဖြစ်တဲ့အတွက် ဘယ်သူဆိုတာကို ပြန်လည်တိုက်စစ်နေနိုင်ပြန်ပါတယ်။ ဒါကြောင့် ကိုယ်က ကိုယ့်အတွက် ထိခိုက်မှုတစ်စုံတရာရှိနိုင်တဲ့ အန္တရာယ်များတဲ့ လုပ်ဆောင်ချက်တွေကို မိုဘိုင်းဖုန်း မိုဘိုင်း ဆင်းကဒ်တွေကို အသုံးပြုပြီး လုပ်ဆောင်နေတယ်ဆိုပါက…..
ကာကွယ်ရေးနည်းလမ်း အနေဖြင့်
Burner ဖုန်းအသုံးပြုပါ
- Burner ဖုန်းတွင် ပါဝင်သော Sim Card သည် သင့်အမည်ဖြင့် Register မပြုလုပ်ထားသည့် ဖုန်းဖြစ်ရမည်။
- ဖုန်းကတ်နှင့် ထည့်သွင်းအသုံးပြုမယ့် ဖုန်းက သင်ယခင် အသုံးမပြုသော Phone အသစ်ဖြစ်ရမည်။
- သင်နှင့်အဓိက ဆက်သွယ်မည့်သူများသာ သင့်ဖုန်းနံပါတ်ကို သိရှိသင့်သည်။
- ဖြစ်နိုင်လျှင် သင်ယခင်အသုံးပြုသော ဖုန်း Device များနှင့် အမြဲအတူတကွ ယူဆောင်အသုံးပြုမှုကို သတိပြု ရှောင်ရှားသင့်သည်။
- Burner Telegram, Signal နှင့် လူမှုကွန်ရက် အကောင့်ပိုများပါ စီစဉ်ထားသင့်သည်။
- အဆုံးရှုံးခံနိုင်သော ဖုန်း နှင့် အချက်အလက်များအဖြစ်မှတ်ယူထားရမည်။
- အရေးအကြီးဆုံးမှာ ယင်းဖုန်းနှစ်ခုအား အဆက်အစပ် မရှိစေရန် တက်နိုင်သမျှ ကိုင်တွယ်ရမည်။