Browser လုံခြုံရေးမိတ်ဆက်
Browser တွေကို ကိုယ်သိလိုတာတွေကို အင်တာနက် ရှာဖွေဖို့ ၊ အင်တာနက်ပေါ်က ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ဖို့ အသုံးပြုကြပါတယ်။ ကိုယ်သွားရောက်တဲ့ Website တစ်ခုဟာ စိတ်ချရမှုမရှိပါက ကိုယ်ထည့်သွင်းလိုက်တဲ့အချက်အလက်တွေကို ခိုးယူခံရနိုင်ပြီး Browser တွေမှာ ဝင်ထားတဲ့ တခြားသော အကောင့်များကိုလည်း ခိုးယူခံရနိုင်ပါတယ်။ အင်တာနက်ပေါ်မှာ စောင့်ကြည့်ခြေရာခံသူတွေရှိနေပြီး လာရောက်လည်ပတ်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရောင်းချတာမျိုးလည်း ခံရနိုင်ပါသေးတယ်။ ဒါ့အပြင် Browsing Data လို့ခေါ်တဲ့ Browser အသုံးပြုစဉ်အတွင်း Website တွေက သိမ်းဆည်းထားတဲ့ ဖိုင်တွေ၊ ရှာဖွေရေးမှတ်တမ်းတွေ၊ Download ဆွဲထားတဲ့ မှတ်တမ်းတွေကတစ်ဆင့်လည်း ကိုယ့်ရဲ့ အင်တာနက်ပေါ်က လုပ်ဆောင်မှုတွေကို သိရှိသွားနိုင်ပါသေးတယ်။
Browser တွေအသုံးပြုတဲ့အခါ နောက်ထပ်ဂရုစိုက်ရမယ့် အရာကတော့ Third-party Cookie တွေပဲဖြစ်ပါတယ်။ Cookie တွေကို Website တွေရဲ့ Performance ကို မြှင့်တင်ဖို့ရာ အသုံးပြုကြပေမယ့် Cross-site Tracking ကိုအသုံးပြုတဲ့ Third Party Cookie တွေကတစ်ဆင့် အင်တာနက်အသုံးပြုသူတွေရဲ့ လက်ဗွေရာတွေလို တစ်ခုနဲ့ တစ်ခုမတူနိုင်သော အသုံးပြုပုံစံတွေဖြစ်တဲ့ ကိုယ့်ရဲ့ စိတ်ဝင်စားမှုတွေ၊ Website အတွင်း လှုပ်ရှားမှုတွေ၊ နေထိုင်ရာနိုင်ငံ၊ ဝင်ရောက်တဲ့ဖုန်း၊ ကွန်ပျူတာရဲ့ အမျိုးအစားအချက်အလက်တွေ လို Browser Fingerprint တွေကို စုဆောင်းကာ ပိုမိုဆီလျော်တဲ့ ၊ လူကိုနားလည်ပြီး ပစ်မှတ်ထားရောင်းချတဲ့ ကြော်ငြာတွေကို ပြသနိုင်ဖို့ အသုံးပြုလာကြပါတယ်။
ဒါကြောင့် Browser တွေကို အသုံးပြုတဲ့အခါ အင်တာနက်ပေါ်က ရန်တွေဖြစ်တဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ခိုးခံရတာ၊ သက်သေမှတ်တမ်းကျန်ခဲ့တာတွေကို ကာကွယ်ပေးနိုင်ပြီး လုံခြုံရေး နဲ့ ကိုယ်ရေးကိုယ်တာကို ဂရုစိုက်တဲ့ Browser တွေကိုသာ အသုံးပြုတတ်ဖို့ အရေးကြီးပါတယ်။ ဒီလို ကာကွယ်ပေးနိုင်ဖို့ နဲ့ လုံခြုံရေးအတွက်လည်း ကိုယ်အသုံးပြုတဲ့ Browser Setting တွေကို ချိန်ညှိအသုံးပြုသင့်ပါတယ်။ Browser တွေမှာဆိုရင်တော့ Google Chrome တို့ Firefox တို့ Safari တို့ကို အသုံးများကြပြီး ဒါတွေအားလုံးမှာလည်း ချိန်ညှိနိုင်တဲ့ Setting တွေပါရှိတယ်။ ဒီသင်ခန်းစာမှာတော့ Browser တွေကို ချိန်ညှိအသုံးပြုပြီး Online ရော Offline ကပါ အန္တရာယ်တွေကို ကာကွယ်နိုင်အောင် ရှင်းလင်း ပြောပြသွားမှာလည်း ဖြစ်ပါတယ်။
ဝင်ရောက်အသုံးပြုသော Website များ၏ လုံခြုံရေး
Website တစ်ခုကို သွားရောက်တဲ့အခါ Website URL ရဲ့ အစမှာ http ဒါမှမဟုတ် https ဆိုပြီး ပါတာကို သတိထားမိမှာပါ။ ဒါဟာ ဒီ Website ဟာ စိတ်ချရမှု ရှိမရှိကို စစ်ဆေးနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ Hypertext Transfer Protocol လို့ခေါ်တဲ့ http နဲ့ နောက်မှာ Secure ဆိုတဲ့ “s: ပါမှသာ ဒီ Website က အသုံးပြုသူတွေအတွက် လုံခြုံတယ်လို့ ယူဆနိုင်ပါတယ်။ “s” မပါဝင်ပဲ http ပဲ ဖြစ်နေတယ်ဆိုရင်တော့ https နဲ့ စတဲ့ Website တွေလို အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို Server ထဲမှာ သိမ်းထားတဲ့အခါ ဝှက်စာစနစ်အနေနဲ့ ပြောင်းလဲ ပေးထားမှာ မဟုတ်ပါဘူး။
https နဲ့ စတဲ့ Website တွေဆိုရင်တော့ အကောင့်အချက်အလက်၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဝှက်စာစနစ် အနေနဲ့ ပြောင်းလဲထားတဲ့အပြင် Server ကနေ အသုံးပြုသူရဲ့ Browser ကို ပေးပို့တဲ့ ဒေတာအချက်အလက်တွေကို ကြားဖြတ် ခိုးယူနိုင်ခြင်း မရှိအောင် ပေးပို့တဲ့ လမ်းကြောင်းကို ပါ ဝှက်စာစနစ် နဲ့ ကာကွယ်ပေးထားပါတယ်။ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ နဲ့ အစိုးရတွေကလည်း အသုံးပြုသူရဲ့ အင်တာနက်ပေါ်က လှုပ်ရှားမှုတွေကို စောင့်ကြည့်တာမျိုး လုပ်တဲ့အခါမှာ https နဲ့ စတဲ့ Website ဆိုရင်တော့ သွားရောက်တဲ့ Website ကိုသာ မြင်ရပြီး Website ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ဝင်ရောက်ကြည့်ရှုနေလည်း ဆိုတာ မမြင်ရနိုင်တော့ပါဘူး။
အင်တာနက်ပေါ်မှာ ဝင်ရောက်အသုံးပြုတဲ့သူတွေရဲ့ အချက်အလက်တွေကို ခိုးယူဖို့ စောင့်ဆိုင်းနေတဲ့ Website ပေါင်းများစွာ ရှိနေပါတယ်။ ဒါကြောင့် ကိုယ်ဝင်ရောက်အသုံးပြုတဲ့ Website ဟာ လုံခြုံမှုရှိမရှိ၊ စိတ်ချရမှုရှိမရှိ စစ်ဆေးဖို့ အရေးကြီးပါတယ်။ Website တွေရဲ့ အစမှာ https နဲ့ စထားပေမယ့်လည်း နောက်ကွယ်မှာ ကိုယ့်အချက်အလက်တွေကို သိမ်းဆည်းထားတာ၊ ကြော်ငြာကုမ္ပဏီတွေကို ရောင်းချနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ Website တွေမှာ Privacy Policy တို့ Cookies Policy ဆိုတာမျိုးတို့လည်း ပါရှိတတ်ပြီး ဒါတွေကို အချိန်ပေးဖတ်ရှုခြင်းဟာလည်း ဒီ Website တွေဟာ ဘယ်ဒေတာအချက်အလက်တွေကို သိမ်းဆည်းမယ်၊ ကိုယ့်ဒေတာတွေကို ဘယ်လို စီမံကိုင်တွယ်မယ်ဆိုတာကို ပိုမိုနားလည်စေနိုင်ပြီး ကိုယ်သက်သောင့်သက်သာမဖြစ်တဲ့ Website မျိုးဆိုရင် ဆက်လက်အသုံးပြုတာကို ရပ်တန့်ဖို့ အခွင့်အရေးရနိုင်ပါတယ်။