Browser Extension များ
Extension တွေဟာ Browser တွေမှာ မပါဝင်တဲ့ တခြားဝန်ဆောင်မှုတွေကို ထပ်တိုးအသုံးပြုနိုင်အောင် ကူညီပေးပါတယ်။ Extension တွေထည့်ဖို့ဆိုရင်တော့ Google Chorme နဲ့ Brave မှာဆို Chrome Webstore ကတစ်ဆင့် ရှာဖွေထည့်သွင်းနိုင်ပါတယ်။ Firefox မှာဆိုရင်တော့ Setting ထဲက Extension and Theme ထဲက တစ်ဆင့် ရှာဖွေထည့်သွင်းနိုင်ပါတယ်။ Extension တွေကို Browser တွေကို ပိုမိုအသုံးပြုရ လွယ်ကူအောင်၊ လုပ်ငန်းခွင်မှာ အလုပ်လုပ်ရာမှာ ပိုမိုအဆင်ပြေချောမွေ့အောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ အသုံးပြုကြပြီး ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို စောင့်ကြည့်ခြေရာခံနေသူတွေဆီက ကာကွယ်နိုင်ဖို့ ၊ Browser ရဲ့ လုံခြုံရေးကို အဆင့်မြှင့်တင်နိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေအတွက် ထည့်သွင်းအသုံးပြုနိုင်တဲ့ Extension တွေလည်း များစွာ ရှိပါတယ်။
Extensions for Privacy and Security
ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ဖို့နဲ့ လုံခြုံရေးတိုးမြှင့်နို်င်တဲ့ Extension တွေကို ကိုယ်အသုံးပြုနေတဲ့ Browser မှာ ထည့်သွင်းအသုံးပြုနိုင်ဖို့ ရွေးချယ်ရာမှာ အထောက်အပံ့ဖြစ်နိုင်အောင် စုစည်းပေးထားပါတယ်။
၁။ DuckDuckGo Privacy Essential ( Safari )
၂။ Https Everywhere
၃။ Ublock Origin ( ADGuard , Safari )
၄။ Privacy Badger
၅။ Firefox Multi-Account Container
၆ ။ Mailvelope
၇။ Decentraleyes
၈။ Cookies Auto Delete
၁။ DuckDuckGo Privacy Essential
DuckDuckGo က ထုတ်လုပ်တဲ့ Browser Extension တစ်ခုဖြစ်ပြီး ဒီတစ်ခု ထည့်သွင်းလိုက်ရုံနဲ့တင်ကို Browser အသုံးပြုချိန်မှာ ဖြစ်တတ်တဲ့ အန္တရာယ်အများစုကို ကာကွယ်ပေးထားပါတယ်။ Website တွေကို ဝင်ရောက်အသုံးပြုတဲ့အခါ ကြုံရတတ်တဲ့ ခြေရာခံရခြင်း၊ 3rd Party Cookie တွေကို ကာကွယ်ထားခြင်း၊ ဖြတ်သန်းသွားလာရတဲ့ လမ်းကြောင်းတွေကို လုံခြုံအောင် ဝှက်စာစနစ် ပါဝင်တဲ့ စာမျက်နှာတွေကို ဖော်ပြပေးခြင်း၊ ကြော်ငြာကုမ္ပဏီတွေက ဒေတာအချက်အလက်စုဆောင်းခြင်းတို့က ကာကွယ်ပေးထားပါတယ်။
၂။ Https Everywhere
Browser တွေထဲမှာလည်း https နဲ့ စတဲ့ website တွေသာ ဝင်ရောက်နိုင်ဖို့ Setting ချိန်ညှိအသုံးပြုနိုင်ပေမယ့် https everywhere ကတော့ browser တွေက မလုပ်နိုင်တဲ့ Website တွေကိုပါ နောက်ဆုံးထွက် ဝှက်စာစနစ်ပါဝင်တဲ့ စာမျက်နှာတွေကိုသာ ဖော်ပြပေးခြင်းကြောင့် ကိုယ့်ရဲ့ အချက်အလက်တွေကို ကြားဖြတ်ခိုးယူ၊ စောင့်ကြည့်ခံရနိုင်တဲ့ ရန်က ကာကွယ်ပေးထားပါတယ်။
၃။ U block Origin
စိတ်မချရတဲ့ Website တွေကို ဝင်ရောက်မိတဲ့အခါမှာ တက်တဲ့ ကြော်ငြာတွေကို နှိပ်မိရာကတစ်ဆင့် ကိုယ့်ရဲ့ ဖုန်း၊ ကွန်ပျူတာတွေထဲကို အန္တရာယ်ပြုနိုင်တဲ့ ဖိုင်တွေဝင်ရောက်လာနိုင်ပါတယ်။ ဒီလို ကြော်ငြာတွေကို ကာကွယ်ထားချင်တယ်ဆိုရင် U Block Origin ကို ညွှန်းပါတယ်။
၄။ Privacy Badger
Privacy Badger ကတော့ စောင့်ကြည့်ခြေရာခံတဲ့သူတွေရန်ကနေ ကာကွယ်ပေးထားတဲ့ Extension တစ်ခုဖြစ်ပါတယ်။ တခြားတွေနဲ့ မတူတာကတော့ စောင့်ကြည့်တတ်တဲ့ Website တွေကို စာရင်းလုပ်ထားပြီး Block ထားပေးတာမျိုးမဟုတ်ပဲ ကိုယ်သွားရောက်တဲ့ Website တွေရဲ့ အပြုအမူပေါ်မှာ ကြည့်ပြီး လိုအပ်ရင် ကာကွယ်ပေးထားတာပါ။ Do Not Track Signal ကို ဖွင့်ပေမယ့် Ignore လုပ်တဲ့ Website မျိုးဆို အလိုအလျောက် Block လုပ်ပေးထားပါတယ်။
၅။ Firefox Multi-Account Container
ခွဲခြားခြင်းဟာ လုံခြုံခြင်းလို့ပြောသလိုပဲ Firefox ရဲ့ Multi-Account Container နဲ့ဆို ကိုယ့်ရဲ့ Browser အသုံးပြုတဲ့ ပုံစံဟာ အားလုံးတစ်စုတစ်စည်းတည်း ဖြစ်မနေတော့ပဲ Container တစ်ခုချင်းစီခွဲပြီး အကောင့်ဝင်အသုံးပြုတာ ၊သိလိုတာတွေရှာတာတွေကို လုပ်နိုင်ပါတယ်။ Container တွေ ခွဲသုံးတဲ့အခါမှာ Website တွေမှာ ပါဝင်တတ်တဲ့ Cross-site Cookie တွေရဲ့ ကိုယ်သွားသမျှနေရာတိုင်းရဲ့ Cookie တွေကို စုဆောင်းတာမျိုး မခံရတော့ပဲ အသုံးပြုနိုင်ပါတယ်။
၆။ Mailvelope
ဝှက်စာစနစ်မပါဝင်တဲ့ အီးမေးဝန်ဆောင်မှုတွေမှာ Mailvelope Extension ကို အသုံးပြုပြီး ကြားဖြတ်ဖတ်ရှုလို့မရတဲ့ Email တွေ ပို့ဆောင်နိုင်ပါတယ်။ Mailvelope မှာ နာမည်၊ အသုံးပြုမယ့် Email အကောင့်နဲ့ Private Key နဲ့ Public Key ကို ကာကွယ်ပေးထားမယ့် Password ရိုက်ထည့်ပြီး Key တစ်ခု Generate လုပ်နိုင်ပါတယ်။ Email ပေးပို့တဲ့အခါမှာ Mailvelope နဲ့ ပေးပို့ပြီး ပေးပို့တဲ့ စာနဲ့ Attachment တွေကို တစ်ဖက်လူရဲ့ Private Key နဲ့ Public Key ကို ကာကွယ်ထားတဲ့ Password နဲ့သာ ဖွင့်လို့ရပါတယ်။ ဒါကြောင့် Mailvelope ကို အသုံးပြုပြီဆိုရင်တော့ ကိုယ်ဆက်သွယ်မယ့်သူမှာပါ mailvelope နဲ့ ချိတ်ဆက်ထားခြင်း ရှိဖို့ လိုပါမယ်။
၇။ Decentraleyes
Website တစ်ခုကို ဟိုးအစက စဖန်တီးဖို့ဆိုတာ ဒီအချိန်မှာ မလိုအပ်တော့ပါပဲ။ ပုံမှန်အသုံးပြုနေကျလုပ်ငန်းတွေအတွက် အသင့်ရှိပြီးသား Code Librariy တွေကို အသုံးပြုလိုက်ရုံပါပဲ။ ဒီ Libraries တွေကို Developer တွေဟာ မျှဝေအသုံးပြုကြပြီး အဲ့ဒီ Library တွေကို Google တို့ ၊ Cloudflare တို့ Facebook တို့လို ကုမ္ပဏီတွေက CDN လို့ခေါ်တဲ့ Content Delivery Network တွေပေါ်မှာ အခမဲ့ တင်ထားလို့ရတဲ့ ဝန်ဆောင်မှုကို ပေးထားပါတယ်။ ဒီအတွက်လည်း Website တွေဖန်တီးတဲ့အခါမှာ တော်တော်များများက Library တွေကို CDN ပေါ်သာ တင်ထားကြတာများပါတယ်။ ဒီ CDN ပေါ်တွေပေါ်မှာ တင်ထားတဲ့ Library တွေကို အသုံးပြုထားတဲ့ Website တိုင်းကို ဝင်ရောက်တဲ့အခါတိုင်းမှာ ကိုယ့်Browser က လိုအပ်တဲ့ Library တွေကို CDN ဆီ Request သွားလုပ်ပြီး ရယူပါတယ်။ကိုယ်ရေးကိုယ်တာ ရှုထောင့်က ကြည့်တယ်ဆိုရင်တော့ ဒါဟာ Google တို့ ၊ Cloiudflare တို့က ကိုယ့်ရဲ့ Browser အသုံးချမှုကို အကုန်လုံးနီးပါး သိရှိနေနိုင်တယ်ဆိုတာကို တွေ့ရပါတယ်။ Decentralyeyes ကတော့ ဒီလို CND တွေဆီကို ပို့တဲ့ Request တွေကို Block ပစ်ပြီး Local သိမ်းထားတဲ့ Code Library တွေကိုသာ ပြန်လည်ပို့ပေးပါတယ်။ ဒါကြောင့် Decentralyeyes Extension ကို ထည့်သွင်းအသုံးပြုတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဆန်တဲ့ အင်တာနက်အသုံးပြုမှုကို နည်းပညာကုမ္ပဏီကြီးတွေက အသုံးပြုလို့မရနိုင်တော့အောင် ကာကွယ်ပေးပါတယ်။
၈။ Cookies Auto Delete
Browser ကတစ်ဆင့် Website တွေကို ဝင်ရောက်တဲ့အခါ Browser File တွေထဲမှာ ကျန်ခဲ့တတ်တဲ့ Cookie တွေ Site Data တွေကတစ်ဆင့် ကိုယ့်ရဲ့ အင်တာနက်အသုံးပြုမှုပုံစံတွေကို ခန့်မှန်းသိရှိနိုင်ပါတယ်။ Cookie တွေကို Website အတွင်း ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို မှတ်သားထားဖို့လည်း အသုံးပြုပြီး Third Party Cookie တွေ၊ Cross-site Cookie တွေကတစ်ဆင့်လည်း ကိုယ့်ရဲ့ ဒေတာတွေကို Website တစ်ခုမှ တစ်ခုသို့ လိုက်ပါမှတ်သားတတ်ပါတယ်။ Cookies Auto Delete Extension ကို အသုံးပြုပြီး ဒီလို Cookie တွေကို အလိုအလျောက်ဖျက်ပေးနေအောင် ချိန်ညှိထားနိုင်ပါတယ်။
ဒါတွေကတော့ အကြံပြုတဲ့ အသုံးပြုနိုင်တဲ့ Browser Extension တွေပါပဲ ။ ကိုယ့်အနေနဲ့ အခြားအသုံးပြုနေတဲ့ အကြံပြုလိုတဲ့ browser extension တွေ ရှိတယ်ဆိုရင် Comment Section မှာ စာချန်ခဲ့နိုင်ပါတယ် ။