6. အခြေခံအကောင့်လုံခြုံရေး
About Lesson

Google အကောင့်လုံခြုံရေး နှင့် လုံခြုံရေးဆက်တင်များချိန်ညှိခြင်း

Google အကောင့်လို့ အများစုသိထားတဲ့ Gmail အကောင့်လုံခြုံရေးသည် အင်မတန်ကို အရေးကြီးတဲ့ အခန်းတစ်ရပ်တွင်ပါဝင်ပါတယ်။ နေ့စဉ်ဘဝတွေမှာ ပုဂ္ဂိုလ်ရေးအရ သော်လည်းကောင်း၊ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင်လည်း လွယ်လင့်တကူ အကောင့်များ ဝင်ရောက်နိုင်မှုနှင့် လုပ်ငန်းတွင်ကျယ်မှု သည် အင်မတန်မှ အရေးကြီးလှပါတယ်။ Google ရဲ့ ထုတ်ကုန်တစ်ခုကို အသုံးပြုဖို့ဆိုရင် Gmail အကောင့်တစ်ခုရှိဖို့ပဲ လိုအပ်တာဖြစ်ပါတယ်။  Gmail အကောင့်တစ်ခုတည်းနဲ့ Google Workspace , Google Play store, YouTube, Google Drive ထဲမှာရှိတဲ့ အရာတွေ အားလုံးကို ချိတ်ဆက်အသုံးပြုနို်င်လို့ လုပ်ငန်းတွင်ကျယ်မှု အတွက်က အင်မတန်မှ အဆင်ပြေပါတယ်။

အားနည်းချက်အနေနဲ့ကတော့ အကုန်လုံးနဲ့ ချိတ်ဆက်ထားတဲ့ Gmail  အကောင့်ရဲ့ လုံခြုံရေးကို ဂရုမစိုက်မိဘူးဆိုရင်တော့ ထိုအကောင့်နဲ့ ချိတ်ဆက်ထားတဲ့ အရာတွေ အားလုံးလည်း ပါသွားနိုင်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Google အကောင့်တစ်ခု ခိုးခံရခြင်းက အကောင့်တစ်ခုတည်း ဆုံးရှုံးတာမျိုးမဟုတ်ပဲ ထို Google အကောင့် တစ်နည်းအားဖြင့် Gmail နဲ့ ချိတ်ဆက်ထားတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းရေးရာ နဲ့ ပက်သက်တဲ့ အချက်အလက်တွေအပြင် ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတော်တော်များများ ပါသွားနိုင်ပါတယ်။ မလိုအပ်တဲ့ကျိုးပေါက်မှုတွေ မဖြစ်အောင် Setting ထဲသို့ဝင်ရောက်ကာ Privacy နဲ့ Security Setting များသို့ ဝင်ရောက်ချိန်ညှိနိုင်ပါတယ်။

Google နှင့် နှစ်ဆင့်ခံလုံခြုံရေး

အကောင့် ခိုးယူခံရတယ်၊ မသမာသူတွေက အကောင့်ကို ရယူပြီး ငွေညစ်တယ်၊ ခြိမ်းခြောက်တယ် ဒီစကားတွေ ပတ်ဝန်းကျင်မှာ ကြားနေရပါတယ်။ အကောင့်တစ်ခုရဲ့ လုံခြုံရေးမှာ နှစ်ဆင့်ခံလုံခြုံရေးလို့ ခေါ်စမှတ်ပြုတဲ့ (Two Step Verification (or) Two Factor Authentication ဆိုတာ အခရာ ကျပါတယ်။ Two Factor လို့ပြောတဲ့အတွက် လုံခြုံရေးကို နှစ်ဆင့်ခံထားတာပါ။ ပထမတစ်ဆင့်ကတော့ ကိုယ်ပေးခဲ့တဲ့ Password (လျို့ဝှက်နံပါတ်) ပဲဖြစ်ပါတယ်။ ဒုတိယတစ်ဆင့်ကတော့ ဖုန်းနံပါတ်နဲ့သော်လည်းကောင်း Authenticator App နဲ့ ဒီအကောင့်ကို အကောင့်ပိုင်ရှင် အစစ်မှန်သုံးခြင်းဟုတ်/မဟုတ်ကို စစ်ဆေးတာပါ။ နှစ်ဆင့်ခံလုံခြုံရေးထားရှိခြင်းရဲ့ အားသာချက်တော့ ကိုယ့်ရဲ့ Gmail အကောင့်ရဲ့ User Name နဲ့ လျို့ဝှက်နံပါတ်ကို တစ်ခြားသူက သိသွားရင်တောင် ကိုယ့်အကောင့်ကို Log in ဝင်လို့မရအောင်လုပ်ထားတာပါ။ နှစ်ဆင့်လုံခြုံရေး ထားရှိခြင်းကို ဖုန်းနံပါတ်နဲ့ ထားလို့ရနိုင်သလို Authentication App တစ်မျိုးမျိုးနဲ့လည်း ထားနိုင်ပါတယ်။  ကိုယ့်အကောင့်လုံခြုံရေးအတွက်  နှစ်ဆင့်ခံ လုံခြုံရေး ပြုလုပ်ဖို့နဲ့ စက်ပစ္စည်းများကို စီမံခန့်ခွဲဖို့ သင်ခန်းစာ video ကိုကြည့်ရှုပြီး လေ့လာနိုင်ပါတယ်။

Google အကောင့်လုံခြုံရေး နှင့် လုံခြုံရေးဆက်တင်များချိန်ညှိခြင်းနဲ့ ပတ်သက်ပြီး မျှဝေချင်တာ ၊ ဆွေးနွေးချင်တာတွေရှိရင် Comment Section မှာ ပေးခဲ့နိုင်ပါတယ် ။

Join the conversation
Skip to content