Data Security, Digital Security ဒေတာများအားနားလည်ခြင်း June 30, 2023 အားလုံးရဲ့ စိတ်ထဲမှာ ကိုယ့်အချက်အလက်တွေ ပေါက်ကြားသွားမှာ ၊ စစ်ဆေးခံရမှာကို စိုးရိမ်တဲ့စိတ်တွေ ရှိတတ်ကြမှာပါ။ သူငယ်ချင်းတွေအချင်းချင်း ပေးပို့နေကြတဲ့ စာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေးပို့ရတဲ့ ပုံတွေ၊ ဖိုင်တွေ စသည်ဖြင့်ဟာ ပေါက်ကြားသွားရင် ကိုယ့်အတွက် အန္တရာယ်ရှိနိုင်တယ်ဆိုတာကိုလည်း နောက်ပိုင်းမှာ တော်တော်များများ နားလည်နေကြပါပြီ။ အဖွဲ့လိုက်လုပ်ဆောင်ရတဲ့ နေရာတွေမှာ ပေါက်ကြားသွားတဲ့ ဒေတာတွေဟာ တစ်ဦးတစ်ယောက်မကပဲ အများကိုပါ ထိခိုက်ပါတယ်။ ဒေတာတွေပေါက်ကြားသွားတယ်ဆိုရင်လည်း ပြန်လိုက်ဖျက်လို့ မရနိုင်ပဲ နောက်ထပ်မဖြစ်အောင်ပဲ လုံခြုံရေးကို တိုးမြှင့်နိုင်မှာပါ။ ထိရှလွယ်တဲ့ဒေတာတွေကို ကိုင်တွယ်ရတဲ့သူတွေအနေနဲ့ဆိုရင်လည်း ဒေတာလုံခြုံရေးဟာ ဂရုတစိုက် ပြင်ဆင်ထားသင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒေတာများအား ခြေရာပြန်ကောက်ခြင်း တစ်ချို့တွေဆီမှာတော့ ကိုယ့်ဒေတာတွေကို သတ်သတ်မှတ်မှတ် သိမ်းဆည်းတတ်တဲ့အကျင့်ရှိတတ်ကြပါတယ်။ ကိုယ့်မှာ ဒီလို အကျင့်မရှိခဲ့လို့ ဒေတာတွေဟာ နေရာတကာ ပြန့်ကျဲနေတယ်ဆိုရင်လည်း ရှိထားတဲ့ဒေတာတွေကို ခြေရာပြန်ကောက်ကြည့်ပြီးတော့ ပြန်လည် စီမံခန့်ခွဲနိုင်ပါတယ်။ ကိုယ့်ဒေတာတွေက အရွေ့ဒေတာများလား၊ အထိုင်ဒေတာများလား။ ဒေတာတွေမှာ အရွေ့ဒေတာ ( Data in Transit) နဲ့ အထိုင်ဒေတာ ( Data at Rest ) ဆိုပြီး ရှိပါတယ်။ အရွေ့ဒေတာဟာ အင်တာနက်ပေါ်မှာ ကူးလူးနေကြတဲ့ဖိုင်တွေဖြစ်ပါတယ်။ ဘရောက်ဇာကနေ ရှာဖွေ Download ဆွဲလိုက်တဲ့ ဖိုင်တွေ၊ ကိုယ်သွားရောက်တဲ့ Website နဲ့ ကိုယ်နဲ့ ကြားက အပြန်အလှန်ပေးပို့နေတဲ့ ဖိုင်တွေ၊ VOIP Application တွေဖြစ်တဲ့ Telegram တို့ Signal တို့လို Chat Application တို့ကနေ ပေးပို့ကြတဲ့ ဖိုင်တွေ ပါဝင်ပါတယ်။ အထိုင်ဒေတာကတော့ ကိုယ့်ဖုန်း၊ ကွန်ပျူတာ ၊ Hard Disk တို့ ထဲမှာ သိမ်းဆည်းထားတဲ့ ဖိုင်တွေ နဲ့ Cloud Storage တွေထဲမှာ သိမ်းထားတဲ့ ဖိုင်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဆာဗာတွေ၊ Database တွေထဲမှာ သိမ်းဆည်းထားတဲ့ ဒေတာတွေ နဲ့ စာရွက်စာတမ်းတွေဟာလည်း အထိုင်ဒေတာ အမျိုးအစားတွေဖြစ်ပါတယ်။ Source : Internet အရွေ့ဒေတာ ကိုယ့်ဒေတာတွေက အရွေ့ဒေတာလို အကူးအပြောင်းလုပ်တဲ့ ဒေတာတွ များတယ် ဆိုရင်တော့ အကူးအပြောင်းလုပ်ရာမှာ အသုံးပြုတဲ့ ပလက်ဖောင်းတွေက လုံခြုံစိတ်ချရဖို့ အရေးကြီးပါတယ်။ ဉပမာ – End to End Encryption ပါဝင်တဲ့ ဆက်သွယ်ရေးပလက်ဖောင်းတွေက ပေးပို့ရင် ကြားဖြတ်စောင့်ကြည့်တာ ၊ ခိုးယူတာ မခံရနိုင်ပါဘူး။ Browser အသုံးပြုဖို့ ရွေးချယ်ရာမှာလည်း လုံခြုံစိတ်ချရတဲ့ Browser ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ Browser တွေကိုလည်း Privacy နဲ့ security setting တွေကြိုတင်ချိန်ညှိပြီးမှ အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် ကိုယ်သွားလာတဲ့ လမ်းကြောင်းတွေမှာ သွားရောက်ရာနေရာတွေက ကိုယ်ဝင်ရောက်အသုံးပြုမှန်းမသိရအောင် ပုံဖျောက်ထားနိုင်ဖို့လည်း Virtual Private Network ( VPN ) ကို အသုံးပြုသင့်ပါတယ်။ Source : Internet အထိုင်ဒေတာ ကိုယ့်ဒေတာတွေက အထိုင်ဒေတာတွေ များတယ်ဆိုရင်တော့ Offline သိမ်းမယ့် ဒေတာတွေအတွက် ထည့်သွင်းသိမ်းဆည်းတဲ့ ဖုန်း၊ကွန်ပျူတာ၊ မန်မိုရီကဒ် စတဲ့ စက်ပစ္စည်းတွေရဲ့ လုံခြုံရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ Offline သိမ်းဆည်းတဲ့အခါမှာ ဝှက်စာစနစ်ပုံစံပြောင်းလဲ သိမ်းဆည်းတာက ပိုမို စိတ်ချရပါတယ်။ ဒါမှမဟုတ် ဒေတာတွေက Online ပေါ်မှာ သိမ်းထားတယ်ဆိုရင်တော့ ကိုယ့်ထည့်သိမ်းထားတဲ့ အကောင့်တွေရဲ့ လုံခြုံရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ Source : Internet ကိုယ်ရေးကိုယ်တာဖြစ်မှု ဒေတာတွေကို Offline သိမ်းဆည်းတယ်ဆိုရင် ကိုယ့်ဒေတာတွေကို ကိုယ်သာ မြင်ရပြီး Online မှာ သိမ်းဆည်းမယ်ဆိုရင်တော့ ကိုယ့်အသုံးပြုတဲ့ ကုမ္ပဏီကပါ ကိုယ့်ဒေတာတွေကို မြင်တွေ့ရနိုင်ပါတယ်။ ဒါကြောင့် Cloud Storage တွေမှာ သိမ်းဆည်းတဲ့အခါ ကုမ္ပဏီပါ ဝင်ရောက်ကြည့်ရှုလို့မရနိုင်မယ့် ဝှက်စာစနစ်နဲ့ ပြောင်းလဲ သိမ်းဆည်းနိုင်တဲ့ ဝန်ဆောင်မှုမျိုးကို ပိုမိုရွေးချယ်သင့်ပါတယ်။ Source : Internet ကိုယ်ပိုင်ဆိုင်တဲ့ ဒေတာတွေကို စာရင်းပြုကြည့်ပါ။ စာရင်းပြုတဲ့အခါမှာ စာရွက်တစ်ခုခုမှာ ချရေးတာမျိုးလည်း ကောင်းသလို ကွန်ပျူတာမှာ Note မှတ်ပြီးတော့ လည်း ပြုစုနိုင်ပါတယ်။ နောက်ဆုံး စိတ်နဲ့ မှတ်ကြည့်လည်း ဖြစ်ပါတယ်။ ကိုယ့်ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ Hard Disk တွေ၊ ဒေတာတွေ ထည့်သိမ်းထားတဲ့ အကောင့်တွေ ကို လိုက်လံကြည့်ရှုပါ။ ဒီလို ကြည့်ရှုတဲ့အခါမှာ အပြင်မှာ တကယ်အစစ်ဆေးခံနေရသလို သတ်မှတ်ကာ ရှာဖွေကြည့်ပါ။ တွေ့ရှိတဲ့ဒေတာတွေကို ကိုယ်ရေးကိုယ်တာဆန်ပြီး တခြားသူတွေကို မသိစေချင်တဲ့ ဒေတာတွေ၊ ထိရှလွယ်ပြီး တွေ့ရှိရင် ကိုယ့် နဲ့ ကိုယ့်အဖွဲ့ ကို မီးခိုးကြွံက်လျှောက်လိုက်နိုင်စေမယ့် ဒေတာတွေ နဲ့ အရေးမကြီးတဲ့ ဒေတာတွေ၊ ဖျော်ဖြေရေးဒေတာတွေ စသည်ဖြင့် ခွဲခြားနိုင်ပါတယ်။ ဒေတာများအား လက်စဖျောက်ခြင်း ရှာဖွေတွေ့ရှိတဲ့ ဒေတာတွေကို ပိုင်းခြားကြည့်ပြီးတဲ့ နောက်မှာ ဆက်လက် သိမ်းဆည်းထားမယ့် ဒေတာ နဲ့ လက်စဖျောက် ဖျက်ပစ်ရမယ့် ဒေတာ ဆိုပြီး ထွက်လာနိုင်ပါတယ်။ ဖျက်ပစ်ရမယ့် ဒေတာများကိုလည်း လိုအပ်တဲ့အချိန်မှာ ပြန်ရနိုင်ဖို့ လုံခြုံတဲ့ နေရာတစ်ခုမှာ ထည့်သွင်းသိမ်းဆည်းပြီးမှ ဖျက်သင့်ပါတယ်။ ဉပမာ – ဆန္ဒသွားပြစဉ်က ဓာတ်ပုံတစ်ခုကို Google Drive လို Cloud Storage တစ်ခုခု မှာ ထည့်သိမ်းပြီး အကောင့်ပြန်ထွက်မယ်၊ ပြီးမှ Gallery ထဲက ဓာတ်ပုံကို ဖျက်လိုက်ခြင်းမျိုး ဖြစ်ပါတယ်။ လို်အပ်တဲ့အချိန်မှာလည်း ပြန်လည် Download ဆွဲ ကြည့်ရှုနိုင်တယ်၊ အကောင့်ထွက်ထားတဲ့အတွက်လည်း ကိုယ့်ဖုန်း သို့မဟုတ် ကွန်ပျူတာမှာ ရှာဖွေတဲ့အခါ မတွေ့ရှိနိုင်တော့ပါဘူး။ ဒေတာတွေကို ဖျက်တဲ့အခါမှာ Recycle Bin တို့ ၊ Trash တို့ထဲကပါ ဖျက်ပေးဖို့ လိုအပ်ပြီး လုံးဝ ပြန်ဆယ်လို့မရအောင် ဖျက်ပစ်ချင်တယ်ဆိုရင်တော့ Shreddit လို့ File Shredder တွေကို အသုံးပြုနိုင်ပါတယ်။ ဘယ်လိုပဲဖျက်ဖျက် ကိုယ့်ဒေတာတွေကို မဆုံးရှုံးရဖို့အတွက် မဖြစ်မနေ ဒေတာတွေကို Backup လုပ်ထားဖို့ လိုအပ်ပါတယ်။ Source : Internet ဒေတာများအား လုံခြုံစွာ သိမ်းဆည်းခြင်း ဒေတာတွေကို Offline ရော ၊ Online မှာပါ သိမ်းဆည်းနိုင်ပါတယ်။ ဖိုင်တွေကို သိမ်းဆည်းထားတဲ့အခါမှာ အလွယ်တကူဖွင့်ကြည့်လို့မရနိုင်အောင် ဝှက်စာစနစ်အနေနဲ့ ပြောင်းလဲ သိမ်းဆည်းခြင်းဟာ အကောင်းဆုံးဖြစ်ပြီး Offline သိမ်းမယ်ဆိုရင်တော့ Android ဖုန်းတွေအတွက် Tella, Datshin နဲ့ MM Reporter လို Encryption ပါဝင်တဲ့ Appliation တွေ ရှိပါတယ်။ ကွန်ပျူတာမှာ ဝှက်စာစနစ်ပုံစံပြောင်းလဲသိမ်းဆည်းချင်တယ်ဆိုရင်တော့ Veracrypt ကို အသုံးပြုနိုင်ပါတယ်။ Offline သိမ်းဆည်းခြင်းဟာ ထိရှလွယ်တဲ့ဒေတာတွေဟာ ကိုယ်နဲ့ အနီးမှာ ရှိနေနိုင်သေးတဲ့အတွက် ရှာဖွေ တွေ့ရှိတာ၊ ဖွင့်ပေးလိုက်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မဖြစ်မနေ စက်ပစ္စည်းအတွင်း ထည့်သိမ်းထားဖို့ လိုအပ်သည်များကိုသာ သိမ်းဆည်းထားသင့်ပါတယ်။Cloud Storage မှာတော့ အများစုက Google Drive ကို အသုံးပြုကြပါတယ်။ End to End Encryption ပါဝင်တာမျိုး မှာ သ်ိမ်းဆည်းဖို့အတွက်ဆိုရင်တော့ Mega လိုမျိုး Cloud Storage မျိုးမှာ သိမ်းဆည်းနိုင်ပါတယ်။ Online မှာ သိမ်းဆည်းတဲ့အခါ အကောင့် မှာ ခိုင်မာအားကောင်းတဲ့ Password မျိုး ထားသင့်ပါတယ်။ နှစ်ဆင့်ခံလုံခြုံရေးကို မဖြစ်မနေ ထည့်သွင်းအသုံးပြုသင့်ပြီး အကောင့်ကို ခိုးယူခံရနိုင်တဲ့ Phishing Link တွေ နှိပ်မိတာမျိုး မဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။ Source : Internet လူအများနှင့် မျှဝေအသုံးပြုရသော ဒေတာများအား စီမံကိုင်တွယ်ခြင်း Google Drive လို ဒေတာတွေကို လူအများ နှင့် မျှဝေအသုံးပြုလို့ ရနိုင်တဲ့ Cloud Storage တွေမှာ လုံခြုံရေးအတွက် ဝင်ရောက်ကြည့်ရှုခွင့်ကို လိုအပ်သလို စီမံအသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။ မလိုအပ်တဲ့ သူကို မမျှဝေထားခြင်းကလည်း ဖြစ်လာနိုင်တဲ့ ပေါက်ကြားမှုကို ကြိုတင်တားဆီးထားရာရောက်ပါတယ်။ သတင်းအချက်အလက်ပေါက်ကြားတော့မယ်လို့ သံသယရှိပါကလည်း ဒေတာတွေကို စီမံခန့်ခွဲတဲ့သူက ပေါက်ကြားနိုင်ချေရှိတဲ့သူကို ဝင်ရောက်ကြည့်ရှုခွင့်ပိတ်ပင်တာမျိုးလုပ်ဖို့ လိုအပ်ပြီး စတင်မျှဝေထားကတည်းကလည်း ပေးရတဲ့ Role တွေမှာ ကြည့်ရှုဖို့ လိုရုံလူကို ကြည့်ရှုနို်င်ရုံ Role သာပေးတာမျိုးကလည်း ကြိုတင်ကာကွယ်ရာကျပါတယ်။ Source : Internet အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ခြင်း အပြင်၌သော်လည်းကောင်း၊ အိမ်တွင်း၌သော်လည်းကောင်း ရုတ်တရက် အစစ်ဆေးခံရခြင်း၊ ဖမ်းဆီးခံရခြင်းမျိုးကဲ့သို့ အရေးပေါ်အခြေအနေမျိုးတွင် ဒေတာများ မပေါက်ကြားစေရန် ၊ သက်သေများအဖြစ် အသုံးပြုနိုင်ခြင်းမရှိစေရန် ကြိုတင်ဆောင်ရွက်ထားသင့်သည်များကို ပြင်ဆင်ထားသင့်သည်။ ကိုယ် နှင့် အတူရှိပြီး ထိရှလွယ်သော ဒေတာများ ရှိနေသာ စက်ပစ္စည်းများကို မည်သို့ ပြုလုပ်မည်အား ကြိုတင်ဆုံးဖြတ်ထားပါ။လိုအပ်သည့်အခြေအနေတွင် ဖုန်း နှင့် ကွန်ပျူတာ၏ Reset လုပ်နိုင်သည့် Setting အား လျင်မြန်စွာ သွားရောက်တတ်ရန် လေ့ကျင့်ထားပါ။အရေးပေါ်အခြေအနေဖြစ်ရာတွင် ရရှိသည့်အချိန်နည်းပါက ဒေတာများအား အဝေးမှ လှမ်းဖျက်ပေးနိုင်ရန် Buddy System ကြိုတင်ပြင်ဆင်ထားပါ။ Leave a comment Cancel replyYou must be logged in to post a comment. -->