Password အကြောင်း မိတ်ဆက်
Password – စကားဝှက် ဆိုတာ ဒစ်ဂျစ်တယ် လုံခြုံရေး ရဲ့ အခြေခံအကျဆုံး အကာအကွယ် တစ်ခုဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ဖုန်း၊ ကွန်ပျူတာတွေရဲ့ လုံခြုံရေး အတွက် Screen Lock ခံ ထားခြင်းကနေစလို့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေဖြစ်တဲ့ လူမှုကွန်ရက်အကောင့်တွေ ၊ အီးမေးလ်အကောင့်တွေ – ဥပမာ – Google ရဲ့ Gmail ၊ outlook mail ၊ ProtonMail နဲ့ Google Drive လို ဒေတာလုံခြုံရေးအတွက် အသုံးပြုတဲ့ Cloud Service ဝန်ဆောင်မှု တွေ အပါအဝင် အင်တာနက်အခြေပြုငွေကြေးစနစ်တွေဖြစ်တဲ့ Mobile Banking , Mobile Pay စတဲ့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေအထိ Password ကို အသုံးပြုနေရတာကို သတိပြုသင့်ပါတယ်။
Password ၏ မြစ်ဖျားခံရာ
တကယ်ကတော့ password ဆိုတာ ၂၁ ရာစု ဒစ်ဂျစ်တယ် ခေတ်ဆန်းမှ အသုံးပြုကြတာ မဟုတ်ပါဘူး ။ ရောမ အင်ပါယာ ခေတ်ကတည်းက စစ်ဆင်ရေး နည်းစံနစ် တစ်ခုအနေနဲ့ တစ်ဦးနှင့်တစ်ဦး ၊ တပ်စိတ် တစ်ခုနှင့်တစ်ခု သတ်မှတ်ထားတဲ့စကားဝှက်တွေ အနေနဲ့ ထားရှိခဲ့ကြပြီး ကိုယ့်လူ့လား သူ့လူလားဆိုတာကို စစ်မှန်ကြောင်း စစ်ဆေးတဲ့၊ verification ပြုလုပ်တဲ့ လုပ်ငန်းစဉ်သာဓကများရှိခဲ့တယ် လို့ ဆိုပါတယ်။
Digital ခေတ်ဦး သန္ဓေတည်တဲ့ ၁၉၆၂ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံ မက်ဆာချူးဆက် ပြည်နယ်မှာရှိ တဲ့ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် – MIT မှာ လူအများနဲ့ မျှဝေအသုံးပြုရတဲ့ ကွန်ပြူတာ တစ်လုံးအတွက် password စနစ်ကို စတင်အသုံးပြုခဲ့ပါတယ်။ လုံခြုံရေးအရ ဆိုတာထက် မျှဝေသုံးစွဲရတဲ့ အခြေအနေမှာ ကိုယ်ရေးကိုယ်တာ လုံခြုံခွင့် (privacy) ရှိစေချင်လို့ Password စနစ် ရဲ့ ဖခင်ကြီးအဖြစ် အသိမှတ်ပြုခံရတဲ့ Fernando Corbato က မှ ဖော်ဆောင်ခဲ့ပါတယ်။
ယနေ့ Web 2.0 လို့ခေါ်တဲ့ လူမှုကွန်ရက် အင်တာနက်ခေတ်မှာတော့ password များကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီး ဒီ password တွေက ယနေ့ခေတ် ဒီဂျစ်တယ် လုံခြုံရေး ရဲ့ အခြေခံအုတ်မြစ်များ ဖြစ်လာပါတယ်။ ယခုအချိန်မှာတော့ platform များ ၊ device များ အနေဖြင့် password များကို အသုံးပြုသူ စစ်မှန်ကြောင်း အထောက်အထားပြရတဲ့ အစီအမံတစ်ခု အဖြစ် နေရာတိုင်းမှာ တွေ့နေရပါပြီ။ Password တွေကို နည်းပညာ တိုးတတ်လာတာနဲ့အမျှ ပုံစံအမျိုးမျိူး နဲ့ အသုံးပြုလာကြပါတယ်။ အခြေခံအားဖြင့် Password ထားနည်းတွေကတော့
-
-
- ဂဏန်းများဖြင့် ထားခြင်း – Pin Password
- စခရင်ပေါ်တွင် ပုံစံအမှန်ရေးဆွဲခြင်း- Pattern
- စာလုံး ၊ ဂဏန်း နှင့် အက္ခရာများ ရောယှက်ထားခြင်း – Password
- စကားလုံး အစုအတွဲများ ဖြင့် ရောယှက်ထားခြင်း – Passphrase
- ကိုယ်ခန္ဓာ အစိတ်အပိုင်းများဖြစ်သည့် လက်ဗွေ၊ မျက်လုံး၊ မျက်နှာ တို့ဖြင့် ကာကွယ်ထားခြင်း – Biometric
-
ဒီလို Password ထားနည်းတွေထဲမှာ အလုံခြုံဆုံးနဲ့စိတ်အချရဆုံးကတော့ PIN နဲ့ Password တို့လို့ ပြောလို့ရပါတယ်။ ကိုယ်မသိလိုက်ခင်မှာပဲဖြစ်ဖြစ် ၊ ဖိအားတစ်စုံတစ်ရာပေးပြီးတော့ ဖြစ်ဖြစ် ၊ ကိုယ်လက်ကို ယူဖွင့်တာ ၊ ကိုယ့်မျက်နှာနှင့် ဖွင့်လိုက်တာမျိုးတွေ ပြုလုပ်လို့ရနိုင်တဲ့ Fingerprint နဲ့ Face lock တွေကို password ထားတာထက် ကိုယ်မပြောမချင်း ကိုယ့်ဆီက လုံခြုံရေး တစ်စုံတစ်ရာ မကျိုးပေါက် မချင်း မည်သူတစ်ဦးတစ်ယောက် မှ မသိနို်င်သော ဂဏန်းများ ထားခြင်း (PIN) နဲ့ စာလုံး၊ ဂဏန်း နှင့် အက္ခရာများ ရောယှက်ထားခြင်း (password) များသာ ထားသင့်ပါတယ်။