Password Manager မိတ်ဆက်
အစဉ်အလာအရ Password တွေကို အလွတ်ကျက်ပြီးမှတ်ကြသူတွေများပေမယ့် အသုံးပြုသူတွေရဲ့ လုံခြုံရေးအရ မတူညီတဲ့ Password တွေထားဖို့လည်း အရေးတကြီး လိုအပ်တာကြောင့် အကုန်လုံးကို မှတ်မိဖို့ အခက်အခဲရှိလာနိုင်ပါတယ်။ အဲဒါကြောင့် Password သိမ်းဆည်းပေးတဲ့ ဆော့ဝဲလ်တွေဖြစ်တဲ့ Password Manager တွေမဖြစ်မနေလိုအပ်လာပါတယ်။
Password Manager ပုံစံမျိုးစုံရှိတဲ့အထဲမှာမှ အင်တာနက် (Online) အသုံးပြုရတဲ့ အမျိုးအစားထက် အင်တာနက်မလိုပဲ (Offline) အသုံးပြုရတဲ့ ဆော့ဝဲလ်အမျိုးအစားကို သုံးစွဲသင့်ပါတယ်။ အင်တာနက်အသုံးပြုတဲ့အမျိုးအစားကို သုံးမယ်ဆိုရင် ကိုယ်ရဲ့ စကားဝှက် တွေက ကိုယ်အသုံးပြုတဲ့ Password Manager ဝန်ဆောင်မှုပေးတဲ့ ဒေတာသိမ်းဆည်းရာနေရာ (Server) ပေါ်မှာရှိနေမှာ ဖြစ်ပြီး အဲဒီ Server ကတစ်ခုခုကြောင့် လုံခြုံရေးကျိုးပေါက်ခဲ့ရင် ပြဿနာရှိနိုင်ပါတယ်။
အဲဒါကြောင့် အင်တာနက်အသုံးပြုစရာမလိုတဲ့ Offline အသုံးပြုနိုင်တာမျိုးကို သုံးသင့်ပါတယ်။ နောက်ထပ် Password Manager အသုံးပြုခြင်းရဲ့ အားသာချက်ကတော့ ကိုယ်ရဲ့ မျိုးစုံသော စကားဝှက်များကို တကူးတက မှတ်ထားစရာမလိုပဲ ကိုယ်ရဲ့ Password Manager ထဲမှာသိမ်းပြီး အဆိုပါ password manager ကို သော့ခတ်ကာ အခရာစကားဝှက်သော့(Master Key) တစ်ခုထဲကိုသာ မှတ်ထားစရာ လိုပါတော့တယ်။ Password Manager တွေမှာ Keychain access ၊ 1password ၊ Bitwarden ၊ Keepass အစရှိသဖြင့် အမျိုးအစားအများကြီးရှိပါတယ်။ အင်တာနက်ပေါ်မှာ တခါတည်း သိမ်းဆည်းပြီး သုံးလို့ရတဲ့ password manager တွေနဲ့ အင်တာနက် အသုံးပြုစရာမလိုပဲ မိမိတို့ စက်ထဲပစ္စည်းတွေထဲမှာပဲ သိမ်းဆည်းပြီး သုံးလို့ရတဲ့ password manager တွေကို ကိုယ်ရဲ့ လိုအပ်ချက်တွေပေါ်မူတည်ပြီး အသုံးပြုနိုင်ပါတယ်။
ဒီလို Password Manager တွေ အများကြီးရှိတဲ့ထဲမှာ Keepass ကို ညွှန်းပေးချင်ပါတယ်။ Keepass ကတော့ အင်တာနက်သုံးစရာမလိုတဲ့ password manager ဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ ရင်းမြစ်ပွင့်လင်းမြင်သာမှုရှိ (Open source) တဲ့ ဆော့ဖ်ဝဲလ်အမျိူးအစား ဖြစ်ပါတယ်။ အင်တာနက်မရှိပဲ အသုံးပြုနိုင်တာကြောင့် အင်တာနက်ကနေတဆင့် စကားဝှက်တွေ ကျိုးပေါက်နိုင်တဲ့ အခြေအနေတွေကနေ ကာကွယ်နိုင်ပါတယ်။ Keepass က မတူညီတဲ့ ပလက်ဖောင်း တွေမှာ အသုံးပြုနိုင်အောင် (Cross Platform) ပြုလုပ်ထားတဲ့ အမျိုးအစားဖြစ်လို့ Window ၊ Mac နဲ့ Linux အစရှိတဲ့ ကွန်ပျူတာစနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာစနစ်တွေအတွက်ဆို – KeepassXC ကို အသုံးပြုနိုင်မှာဖြစ်ပြီး မိုဘိုင်းဖုန်းတွေမှာတော့ Android စနစ်အသုံးပြုတဲ့ ဖုန်းအတွက်ဆိုရင် KeepassDX နှင့် iOS စနစ်အသုံးပြုတဲ့ ဖုန်းတွေအတွက်ဆိုရင်တော့ Keepassium ကိုအသုံးပြုနိုင်ပါတယ်။ မတူညီတဲ့ပလက်ဖောင်းမှာ အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် Password တွေ သိမ်းဆည်းပြီးသားဖြစ်တဲ့ .kdbx ဖိုင်ကို ကွန်ပျူတာ မှာဖြစ်ဖြစ် ၊ မိုဘိုင်းဖုန်းများဖြစ်ဖြစ် ဖွင့်လှစ် အသုံးပြုနိုင်မှာဖြစ်ပါတယ် ။