5. အခြေခံဒေတာလုံခြုံရေး
About Lesson

Cloud အထိုင် ဒေတာ လုံခြုံရေး

  • ခိုင်မာအားကောင်းသော စကားဝှက်

Cloudstorage ဝန်ဆောင်မှုတွေဖြစ်တဲ့ Google Drive တို့ Mega တို့ ပေါ်မှာ သိမ်းဆည်းတဲ့ ဒေတာတွေအတွက်ဆိုရင်တော့ အကောင့်လုံခြုံရေးက အရေးကြီးပါတယ်။ Google Account တစ်ခု ရှိရုံနဲ့ 15 GB စာ Drive တစ်ခိုကို အခမဲ့ အသုံးပြုလို့ရနိုင်ပါတယ်။ Mega ဆိုရင်တော့ End to End Encryption လည်း ပါဝင်ပြီး 20 GB အခမဲ့ ရရှိနိုင်ပါတယ်။ အကောင့်ဖွင့်တဲ့အခါမှာ ပေးရတဲ့ Password ကို ခိုင်မာအားကောင်းပြီး ခန့်မှန်းရခက်ခဲတဲ့ Password မျိုးကိုသာ အသုံးပြုသင့်ပါတယ်။ ခိုင်မာအားကောင်းတဲ့ Password တွေကို ဖန်တီးဖို့ နဲ့ မမေ့အောင် သိမ်းဆည်းဖို့အတွက်ဆိုရင်တော့ Keepass လို Password Manager တွေကို သုံးနိုင်ပါတယ်။

  • သိုသိပ်သော Username

 အကယ်၍ အကောင့်ရဲ့ Username လို့ ခေါ်တဲ့ Email Address သို့မဟုတ် ဖုန်းနံပါတ်ဟာ တခြားဆက်သွယ်မှုအတွက် အသုံးပြုခြင်းမျိုး ရှိပါက ဒီ Username မှာ Online မှာ တစ်နည်းနည်းဖြင့် လာရောက်တိုက်ခိုက်ခံရနိုင်သော အခြေအနေမှာ ရှိတယ်ဆိုတာကို သတိပြုဖို့ လိုပါတယ်။ ဉပမာ – Gmail Address ကို သိရှိရပြီဆိုရင် ဘယ်သူကမဆို Mail ပေးပို့နိုင်ပါတယ်။

  • Phishing Link နဲ့ အန္တရာယ်ပြုနိုင်သော ဖိုင်များ

ပေးပို့တဲ့ Mail တွေမှာလည်း အကောင့်အချက်အလက်ကို ခိုးယူဖို့ ကြိုးစားတဲ့ Phishing Link တွေ ပါလာနိုင်ပါတယ်။ ဒါ့အပြင် Download ဆွဲပြီး ဖွင့်ကြည့်လိုက်တဲ့ Attachement ဟာလည်း Virus File ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ထိရှလွယ်တဲ့အချက်အလက်တွေ သိမ်းဆည်းထားတဲ့ အကောင့်ဟာ လူသိရှိမှုကို ထိန်းသိမ်းသင့်ပြီး တကယ်လို့ လူသိရှိမှုမြင့်တယ်ဆိုရင်တော့ ဝင်လာတဲ့ Mail တွေက Link တွေ ၊ ဖိုင်တွေကို မစစ်ဆေးပဲ အလွယ်တကူ ဖွင့်ကြည့်တာမျိုးကို ရှောင်ရှားသင့်ပါတယ်။

  • ဝှက်စာစနစ်နဲ့ ကာကွယ်ထားသော Cloud Storage များ

တစ်ချို့သော Cloud Storage ဝန်ဆောင်မှုတွေမှာ End to End Encryption ပါဝင်ပေမယ့် တစ်ချို့သော ဝန်ဆောင်မှုတွေကတော့ ဒေတာကို ရိုးရိုးသိမ်းဆည်းပေးထားတတ်ပါတယ်။ End to End Encryption ပါဝင်တဲ့ Cloud Storage ဝန်ဆောင်မှုတွေမှာ သိမ်းဆည်းတဲ့ ဒေတာတွေဟာ ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတောင် ကြည့်ခွင့်မရအောင် ဝှက်စာစနစ်နဲ့ ကာကွယ်ထားပေးတာကြောင့် ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သိမ်းဆည်းဖို့ ပိုမို သင့်တော်ပါတယ်။

  • နှစ်ဆင့်ခံလုံခြုံရေး

အကောင့်လုံခြုံရေးအတွက် Username နဲ့ Password ကို ပေါက်ကြားသွားရင်တောင် ဒေတာအချက်အလက်တွေကို မရရှိသွားနိုင်အောင် နှစ်ဆင့်ခံလုံခြုံရေးကို မဖြစ်မနေကို ထည့်သွင်း အသုံးပြုသင့်ပါတယ်။ နှစ်ဆင့်ခံလုံခြုံရေး မပါဝင်တဲ့ ဝန်ဆောင်မှုတွေကို ရှောင်ကြဉ်သင့်ပါတယ်။

  • နေ့စဉ်လုပ်ဆောင်သင့်သော ဒစ်ဂျစ်တယ်အလေ့အထများ

အကောင့်လုံခြုံရေးလိုပဲ အရေးကြီးတာကတော့ ဒစ်ဂျစ်တယ်အလေ့အထတွေပဲ ဖြစ်ပါတယ်။ ဖုန်းတွေ၊ ကွန်ပျူတာတွေဟာ စစ်ဆေးခံရပါက ဝင်ထားတဲ့ အကောင့်တွေဟာလည်း စစ်ဆေးခံရနိုင်ပါတယ်။ ထိရှလွယ်တဲ့ ဒေတာတွေ သိမ်းဆည်းထားတဲ့ အကောင့်ကို အမြဲဝင်ထားခြင်းထက် အသုံးပြုဖို့ လိုအပ်တဲ့အချိန်သာ အကောင့်ဝင်ထားပြီး မလိုအပ်ပါက ပြန်ထွက်ထားသင့်ပါတယ်။ ဒေတာတွေကိုလည်း နေ့စဉ်နဲ့ အမျှ သိမ်းချင်တာကို သိမ်းပြီး ရှင်းဖို့ လိုတာတွေကို တစ်ခါတည်း ဖျက်ပစ်ဖို့ လိုပါတယ်။ အကောင့်ဝင်အသုံးပြုနေစဉ် စစ်ဆေးခံရနိုင်ချေရှိပါက အရေးပေါ်အခြေအနေမှာ ခြေရာလက်ရာ မကျန်နိုင်အောင် Browser ကို Private Window ဖွင့်ပြီး အသုံးပြုနိုင်ပါတယ်။ ရိုးရိုး Browser Window ကို အသုံးပြုတယ်ဆိုရင်တော့ အကောင့်တွေထွက်ပြီးတိုင်း Browsing Data တွေပါ ရှင်းလင်းခြင်းက ပိုမို စိတ်ချရပါတယ်။

  • လူအများနှင့် မျှဝေအသုံးပြုရသော ဒေတာများအား စီမံကိုင်တွယ်ခြင်း

Google Drive လို ဒေတာတွေကို လူအများ နှင့် မျှဝေအသုံးပြုလို့ ရနိုင်တဲ့ Cloud Storage တွေမှာ လုံခြုံရေးအတွက် ဝင်ရောက်ကြည့်ရှုခွင့်ကို လိုအပ်သလို စီမံအသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။ မလိုအပ်တဲ့ သူကို မမျှဝေထားခြင်းကလည်း ဖြစ်လာနိုင်တဲ့ ပေါက်ကြားမှုကို ကြိုတင်တားဆီးထားရာရောက်ပါတယ်။ သတင်းအချက်အလက်ပေါက်ကြားတော့မယ်လို့ သံသယရှိပါကလည်း ဒေတာတွေကို စီမံခန့်ခွဲတဲ့သူက ပေါက်ကြားနိုင်ချေရှိတဲ့သူကို ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်တာမျိုးလုပ်ဖို့ လိုအပ်ပြီး စတင်မျှဝေထားကတည်းကလည်း ပေးရတဲ့ Role တွေမှာ ကြည့်ရှုဖို့ လိုရုံလူကို ကြည့်ရှုနို်င်ရုံ Role သာပေးတာမျိုးကလည်း ကြိုတင်ဂရုစိုက်ရာကျပါတယ်။

Join the conversation
Skip to content