5. အခြေခံဒေတာလုံခြုံရေး
About Lesson

အဖိုးတန်သော ဒေတာများ

ဒေတာတွေဟာ ယနေ့ခေတ်မှာ အဖိုးတန်လှပါတယ်။ ဒေတာတွေက တစ်ဆင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဒါမှမဟုတ် တစ်စုတစ်ဖွဲ့ ရဲ့ အကြောင်းကို သိရနိုင်ပါတယ်။​ မိမိပိုင်ဆိုင်တဲ့ ဒေတာများကို စိတ်ကူးယဉ်ကြည့်ပါ။ Gallery ထဲက ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊​ဗီဒီယိုတွေ၊ အပြန်အလှန်ပေးပို့ထားကြတဲ့ မက်ဆေ့တွေ၊ ကွန်ပျူတာထဲက ဖိုင်တွေ မျိုးစုံစွာ ရှိနိုင်ပါတယ်။ အဲ့ ဒေတာတွေထဲမှာ လူသိမခံချင်တဲ့ အချက်အလက်တွေ ပါနိုင်ပါတယ်။​

တစ်ချို့အချက်အလက်တွေဟာ အလွန်မှ ထိရှလွယ်နိုင်ပြီး ပေါက်ကြားသွားပါက ကိုယ်အပါအဝင် ကိုယ့်လူမှုအသိုင်းအဝိုင်း၊ အဖွဲ့စည်းကိုပါ ရိုက်ခတ်မှု၊ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒေတာအမျိုးအစားများ

ဒေတာလို့ပြောရင် ကိုင်တွယ်လို့ ရတဲ့ စာရွက်စာတမ်းတွေအပြင် ဒစ်ဂျစ်တယ်ပုံစံအချက်အလက်တွေလည်း ပါဝင်ပါတယ်။ ဒစ်ဂျစ်တယ်ပုံစံအချက်အလက်တွေမှာလည်း ဒစ်ဂျစ်တယ်ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်တွေနဲ့ PowerPoint, Excel , PDF စသဖြင့် အမျိုးအစား စုံလင်စွာ ရှိနေပါသေးတယ်။ Messenger လို Telegram လို ဆက်သွယ်ရေးပလက်ဖောင်းတွေက တစ်ဆင့် ပေးပို့ကြတဲ့ မက်ဆေ့တွေဟာလည်း ဒေတာတွေထဲမှာ ပါဝင်ပါတယ်။

  • ဒီဒေတာ အားလုံးထဲမှာမှ ထိရှလွယ်တဲ့ ဒေတာနဲ့ ထိရှမလွယ်တဲ့ ဒေတာဆိုပြီး အလွယ်တကူ ပိုင်းခြားကြည့်နိုင်ပါတယ်။
  • ဒါ့အပြင် ထိရှမလွယ်ပဲ ကိုယ်ရေးကိုယ်တာ ဆန်တဲ့ ဒေတာတွေဆိုပြီးလည်း ထပ်ပိုင်းခြားနိုင်ပါတယ်။​
  • ဒေတာတွေကို စီမံကိုင်တွယ်တဲ့အခါမှာ ဒီလိုမျိုး ထိရှလွယ်တဲ့ ဒေတာတွေနဲ့ ကိုယ်ရေးကိုယ်တာဆန်တဲ့ ဒေတာတွေကို ခွဲခြားသိထားဖို့ လိုအပ်ပြီး ဒီဒေတာတွေရဲ့ တည်ရှိနေရာ နေရာတွေကိုလည်း လိုက်လံ စစ်ဆေးထားဖို့ လိုအပ်ပါတယ်။

ဒေတာအခြေအနေများ

ဒေတာတွေကို အခြေအနေ နှစ်မျိုး နဲ့ မြင်တွေ့နိုင်ပါတယ်။ အဲ့ဒါ ကိုတော့ Data In Transit နဲ့ Data At Rest လို့ ခေါ်ပါတယ်။

Picture depicting data at rest vs data in-transit

Source : Internet

ရွေ့လျားဒေတာ

လူတစ်ယောက်ကို ပုံတစ်ပုံကို မိတ်ဆွေတစ်ယောက်ဆီ ကို Telegram က ပေးပို့တယ် ဆိုပါစို့။ ဓာတ်ပုံဟာ ပထမလူရဲ့ ဖုန်းထဲကနေ ဒုတိယလူရဲ့ ဖုန်းထဲကို ရောက်သွားပါတယ်။ ဖုန်းထဲကို ရောက်သွားတဲ့ ဒေတာကိုတော့ Data At Rest လို့ ခေါ်နိုင်ပြီး ပထမလူဖုန်းထဲက ထွက်သွားပြီး ဒုတိယလူဖုန်းထဲမှာ မရောက်ခင် အချိန်တစ်ခုအတွင်းမှာရှိနေတဲ့ ဒေတာကိုတော့ Data In Transit လို့ ခေါ်ပါတယ်။ ဒေတာတစ်ခုကို ပေးပို့၊ ရယူဖို့ ဖြတ်သန်းစီးဆင်းသွားရတဲ့ လမ်းကြောင်းတွေအဆင့်ဆင့်ရှိပါတယ်။ ဒီလမ်းကြောင်းမှာ အစိုးရက စောင့်ကြည့်တဲ့ အဆင့်တွေရှိနိုင်ပြီး ဟက်ကာတွေက ကြားဖြတ်ခိုးယူနိုင်တဲ့ အဆင့်တွေလည်း ရှိပါတယ်။

  • ဒီလို အကူးအပြောင်းလုပ်တဲ့ ဒေတာတွလုံခြုံနိုင်ဖို့ အကူးအပြောင်းလုပ်ရာမှာ အသုံးပြုတဲ့ ပလက်ဖောင်းတွေက လုံခြုံစိတ်ချရဖို့ အရေးကြီး ပါတယ်။
  • End to End Encryption ပါဝင်တဲ့ ဆက်သွယ်ရေးပလက်ဖောင်းတွေက ပေးပို့ရင် ကြားဖြတ်စောင့်ကြည့်တာ ၊ ခိုးယူတာ မခံရနိုင်ပါဘူး။
  • ဒေတာ ရယူတာဟာ Browser က တစ်ဆင့် Download ဆွဲ​ရယူတာမျိုးလည်း ဖြစ်နိုင်တဲ့အတွက် Browser အသုံးပြုဖို့ ရွေးချယ်ရာမှာ လုံခြုံစိတ်ချရတဲ့ Browser ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
  • ကိုယ်သွားလာတဲ့ လမ်းကြောင်းတွေမှာ ကိုယ့်ကို ပုံဖျောက်ထားနိုင်ဖို့လည်း Virtual Private Network ( VPN ) ကို အသုံးပြုနိုင်ပါတယ်။
Data In Transfer

Source : Internet

အထိုင်ဒေတာ

အထိုင်ရှိနေပြီး တစ်နေရာရာမှာ သိမ်းဆည်းထားတဲ့ ဒေတာတွေကို Data At Rest လို့ ခေါ်ပါတယ်။ အထိုင်ဒေတာတွေထဲမှာ Local Storage ထဲမှာ သိမ်းဆည်းထားတဲ့ ဒေတာနဲ့ Cloud Storage ထဲမှာ သိမ်းဆည်းထားတဲ့ ဒေတာရယ်လို့ ခွဲခြားနိုင်ပါသေးတယ်။

အလွယ်တကူ Offline Data နဲ့ Online Data လို့ ခေါ်နိုင်ပါတယ်။

Data At Rest

Data At Rest | Source : Internet

Offline ဒေတာ

Offline ဒေတာတွေဟာ ဖုန်း၊ ကွန်ပျူတာ၊ Memory Card ၊ Hard Disk စတဲ့ ဒစ်ဂျစ်တယ်စက်ပစ္စည်းတွေမှာ သိမ်းဆည်းထားပြီး ကိုယ်သာ ပိုင်ဆိုင်တဲ့ ဒေတာဖြစ်လို့ ပုဂ္ဂလိကဆန်ပါတယ်။ ဖုန်းတွေ တပ်ဘလက်တွေဆိုရင် အများအားဖြင့် Gallery, Recorder နဲ့ File Manager တွေထဲမှာ ရှိတတ်ပါတယ်။ ကွန်ပျူတာမှာ ဆိုရင် အတွင်းမှာ ပါဝင်တဲ့ Hard Disk ထဲမှာ အပိုင်းအခြား တွေနဲ့ ရှိတတ်ပါတယ်။ Hard Disk တွေ၊ Memory Card တွေထဲမှာလည်း သိမ်းဆည်းထားလို့ ရှိကောင်းရှိနေနိုင်ပါတယ်။

  • Offline Data တွေကို သိမ်းဆည်းရာမှာ စက်ပစ္စည်းရဲ့ လုံခြုံရေးက အရေးကြီးပါတယ်။
  • ဖုန်းတို့ ၊ ကွန်ပျူတာတို့ ရဲ့  အထဲက ပုံတွေကို ဝင်ကြည့်လို့မရအောင် ဖုန်းကို Password ခံ ကာကွယ်ထားလို့ရပါတယ်။
  • ကာကွယ်မှု အားနည်းတယ် ဆိုရင်တော့ စက်ပစ္စည်းတွေအတွင်းက ဒေတာတွေဟာ အလွယ်တကူ ကျိုးပေါက်နိုင်ပါတယ်။
  • Offline သိမ်းဆည်းတဲ့အခါ ဝှက်စာစနစ်ပုံစံပြောင်းလဲ သိမ်းဆည်းခြင်းဟာ လုံခြုံစိတ်ချရတဲ့ နည်းလမ်းဖြစ်ပါတယ်။
Online ဒေတာ

Online ဒေတာတွေဟာ Cloud ဝန်ဆောင်မှုပေးတဲ့ Google Drive လို Mega လို နေရာမျိုးတွေမှာ သိမ်းဆည်းထားလေ့ ရှိကြပါတယ်။ ဆက်သွယ်ရေးပလက်ဖောင်းတွေကတစ်ဆင့် ပေးပို့ကြတဲ့ ဒေတာတွဟာလည်း Online Data တွေဖြစ်ပါတယ်။

  • ဒီလို သိမ်းဆည်းဖို့ အကောင့် ဖွင့်ဖို့ လိုအပ်ပြီး အကောင့်အချက်အလက်တွေသာ ပေါက်ကြားသွားပါက အတွင်းမှာ သိမ်းဆည်းထားတဲ့ ဒေတာတွေကို ဆုံးရှုံးရနိုင်ပါတယ်။
  • ကိုယ်ရေးကိုယ်တာလုံခြုံရေးကို ဂရုစိုက်တဲ့ ဝန်ဆောင်မှုတွေကို သာ ရွေးချယ်အသုံးပြုနိုင်ဖို့ အရေးကြီးပါတယ်။
  • ဒေတာတွေကို Cloud ပေါ်မှာ သိမ်းဆည်းတဲ့အခါ ဝှက်စာစနစ်နဲ့ ပြောင်းလဲ သိမ်းဆည်းနိုင်တဲ့ ဝန်ဆောင်မှုမျိုးကို ပိုမိုရွေးချယ်သင့်ပါတယ်။
  • အကောင့်လုံခြုံရေးမှာလည်း နှစ်ဆင့်ခံ လုံခြုံရေး ကို မဖြစ်မနေ ထည့်သွင်း အသုံးပြုသင့်ပါတယ်။
Join the conversation
Skip to content