Select Your Favourite
Category And Start Learning.

ဒစ်ဂျစ်တယ်သန့်ရှင်းရေး

လက်တွေ့ဘဝမှာ ရောဂါဘယတွေ ကင်းဝေးအောင် သန့်ရှင်းရေးကို ဂရုစိုက်သလိုပဲ ဒစ်ဂျစ်တယ် သန့်ရှင်းရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။  ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဆန်တဲ့ အချက်အလက်တွေကို ထိန်းသိမ်းနိုင်ဖို့ ၊ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကို တခြားသူတွေ မရယူသွားနိုင်ဖို့အတွက် အခုပြောပြပေးသွားမယ့် အချက်တွေကို ဂရုစိုက်သင့်ပါတယ်။ ဒီအချက်တွေဟာ နေ့စဉ်ဒစ်ဂျစ်တယ်ဘဝမှာ လုပ်ဆောင်သင့်တဲ့ အမူအကျင့်တွေလည်း ဖြစ်ပါတယ်။

( ၁ ) Update ပြုလုပ်အသုံးပြုပါ။

ကိုယ်အသုံးပြုတဲ့ Software တွေကို အမြဲ Update လုပ်အသုံးပြုပါ။ ဖုန်းရော၊ လပ်တော့တွေကိုပါ Operating System Update ထွက်တဲ့အခါမှာ အသုံးပြုနိုင်တဲ့ Feature အသစ်တွေ ပါဝင်လာသလို နောက်ဆုံးပေါ် လုံခြုံရေးတိုးမြှင့်မှုတွေလည်း ပါဝင်ပါတယ်။ Version အဟောင်းတွေကို သုံးစွဲခြင်းဟာ ကိုယ့်ရဲ့ ဖုန်းတွေ ၊ ကွန်ပျူတာတွေကို အားနည်းချက်တွေ၊ ယိုပေါက်တွေကတစ်ဆင့် အလွယ်တကူ အတိုက်ခံရနိုင်ပါတယ်။ Application တွေ ၊ Software တွေ ကို Update လုပ်အသုံးပြုပါ။

Source : Internet

( ၂ ) Anti Virus အသုံးပြုပါ။

ဖုန်း နဲ့ ကွန်ပျူတာတွေထဲကို စိတ်ချရတဲ့ Anti Virus တစ်ခု ထည့်သွင်းအသုံးပြုပါ။ လတ်တလောမှာ Phishing Link တွေကို Messenger တို့ ၊ Email တို့ကတစ်ဆင့် ပေးပို့လာတာ၊ အချက်အလက်တွေ လိမ်လည်တောင်းဆိုတာတွေ အဖြစ်များနေပါတယ်။ Phishing လင့်တွေ နှိပ်မိတာ ၊ စိတ်မချရဲ့ Website တွေထဲ ဝင်ရောက်အသုံးပြုတာ၊ အန္တရာယ်များတဲ့ ဖိုင်တွေကို ဒေါင်းလုတ်ဆွဲမိတာ စတာတွေကတစ်ဆင့် ကိုယ့်ရဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေထဲကို ဗိုင်းရပ်စ်၊ Malware တွေဝင်လာနိုင်ပြီး ကိုယ့်ရဲ့ အချက်အလက်တွေကို ခိုးယူတာ၊ ဖုန်းနဲ့ ကွန်ပျူတာရဲ့ လုပ်ဆောင်မှုတွေကို နှောက်ယှက်တာမျိုးတွေ ခံရနိုင်ပါတယ်။ ဒါတွေကို ကာကွယ်ဖို့အတွက် Antivirus Software တစ်ခုခုကို အသုံးပြုသင့်ပါတယ်။ အခမဲ့ အသုံးပြုနိုင်တဲ့ Anti Virus တွေ ရှိပေမယ့်လည်း အချိန်ပြည့် Scan ဖတ်ပြီး ဝင်လာတဲ့ ဗိုင်းရပ်စ်တွေ၊ ကွန်ပျူတာရဲ့ လိုအပ်ချက်တွေကို ချက်ချင်း ကိုယ်တွယ်ဖြေရှင်းပေးနိုင်တဲ့ Live Scan လုပ်ဆောင်မှုမျိုးကိုတော့ အများအားဖြင့် ဝယ်ယူသုံးစွဲရပါတယ်။ Anti Virus Software များကိုလည်း နောက်ဆုံးပေါ်များ ရွေးချယ်အသုံးပြုသင့်ပါတယ်။ ဒါမှလည်း နောက်ဆုံးပေါ် တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Source : Internet

( ၃ ) ခိုင်မာအားကောင်းသော စကားဝှက်များကို အသုံးပြုပါ။

အကောင့်တွေ ဖွင့်တဲ့အခါမှာ ပေးတဲ့ Password တွေကို အလွယ်တကူ မပေးပါနဲ့ ။ ခန့်မှန်းရခက်တဲ့ ခိုင်မာ အားကောင်းတဲ့ Password တွေသာ ထားပါ။ အားနည်းတဲ့ Password တွေ ပေးမိရာက တစ်ဆင့် ကိုယ့်ရဲ့ အရေးကြီးတဲ့ ဒေတာအချက်အလက်တွေ ပေါက်ကြားသွားနိုင်ပါတယ်။ ဒါ့အပြင် ဂရုစိုက်ဖို့ လိုတာက အကောင့် Password တွေကို လုံခြုံစိတ်ချရတဲ့ နေရာမှာသာ သိမ်းထားဖို့ပါ။ လူအများစုဟာ မိမိရဲ့ Password တွေကို စာရွက်ထဲမှာ၊ ဖုန်းမှတ်စုထဲမှာ ၊ ကွန်ပျူတာမှတ်စုထဲမှာ စသည်ဖြင့် သိမ်းထားတတ်ကြပြီး ဦးနှောက်နဲ့ပဲ မှတ်ထားတတ်တဲ့သူတွေလည်း ရှိပါတယ်။ ကိုယ့်ရဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေကို စစ်ဆေးခံရတဲ့အခါမှာ ကိုယ်မှတ်ထားတဲ့ Password တွေကို အလွယ်တကူမရသွားနိုင်ဖို့အတွက် လုံခြုံစိတ်ချရပြီး ကိုယ့်ရဲ့ Password တွေကို ဝှက်စာစနစ်နဲ့ ကာကွယ်ပေးထားတဲ့ Keepass လို Password Manager တွေထဲမှာပဲ မှတ်ထားသင့်ပြီး အလွယ်တနေရာရာမှာ ချရေးထားတာ ၊ ချမှတ်ထားတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဒါ့အပြင် Password တွေကို ဖုန်းထဲမှာ သိမ်းထားတာ၊ Browser ထဲက Saved Login တွေထဲမှာ သိမ်းထားတာမျိုးကလည်း ကိုယ့် Password တွေကို တခြားသူတွေ သိသွားနိုင်တဲ့ ရာခိုင်နှုန်း အလွန်များပါတယ်။ 

Source : Internet

( ၄ ) နှစ်ဆင့်ခံလုံခြုံရေးအသုံးပြုပါ။

ကိုယ့်ရဲ့ အကောင့်တွေ အကုန်လုံးကို နှစ်ဆင့်ခံ လုံခြုံရေး ခံထားပါ။ အကောင့်တွေ Hack ခံရတယ်၊ အချက်အလက်တွေ ပေါက်ကြားတယ်ဆိုတာမျိုးတွေ အကြားရများနေတဲ့ အချိန်မျိုးမှာ ကိုယ့်ရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားတဲ့ အကောင့်တွေရဲ့ လုံခြုံရေးကို အထူးတလည် ဂရုစိုက်ဖို့ လိုအပ်နေပါတယ်။နှစ်ဆင့်ခံလုံခြုံရေးသာ ခံထားမယ်ဆိုရင်တော့ ကိုယ့်ရဲ့ အကောင့်ကို Username နဲ့ Password သိသွားရင်တောင် ဝင်လို့မရနိုင်တော့ပဲ ကိုယ်တစ်ယောက်တည်းသာ သိနိုင်တဲ့ Authentication Code တစ်ခုခုဖြစ်ဖြစ်၊ နောက်ထပ် Password တစ်ခုနဲ့ ဖြစ်ဖြစ် ထပ်မံကာကွယ်ပေးထားပါတယ်။ နှစ်ဆင့်ခံ လုံခြုံရေးကို အသုံးပြုမယ်ဆိုရင်တော့ Backup Code တွေကို သေချာသိမ်းထားဖို့ မမေ့ပါနဲ့။

 

Source : Internet

( ၅ ) စိတ်ချရတဲ့နေရာမှသာ Download ဆွဲပါ။

စိတ်ချယုံကြည်ရတဲ့ နေရာတွေကပဲ Software တွေ၊ Application တွေကို Download ဆွဲပါ။ Google Play Store တို့ ၊ App Store တို့လိုမျိုး ဖုန်းတွေမှာ Built In ပါတဲ့ Store တွေကတစ်ဆင့်ပဲ Download ဆွဲသင့်ပြီး အင်တာနက်က ရှာဖွေ Download ဆွဲတဲ့အခါမှာ Software File တွေထဲမှာ ကိုယ်မမျှော်လင့်ထားပဲ ကိုယ့်ဖုန်း နဲ့ ကွန်ပျူတာကို ထိခိုက်နိုင်တဲ့ အရာတွေ ပါလာတတ်ပါတယ်။ Google Play service ထောက်ပံ့ခြင်းမရှိတဲ့ ဖုန်းတွေမှာ ဆိုရင်လည်း Open source app store တွေ ဖြစ်တဲ့ F droid တို့ ၊ Aurora တို့လို Store တွေကနေ Download ဆွဲနိုင်ပါတယ်။ 

Source : Internet

( ၆ ) Backup ပြုလုပ်ပါ။

ကိုယ့်ရဲ့ ဒေတာတွေကို Backup လုပ်ထားပါ။ ဒေတာ အချက်အလက်တွေ သိမ်းဆည်းရာမှာ ဖုန်း ၊ ကွန်ပျူတာထဲမှာပဲ အထိုင်မသိမ်းထားသင့်ပါဘူး။ ဖုန်းတွေ၊ ကွန်ပျူတာတွေ တစ်နည်းတစ်ဖုံ ချို့ယွင့်းတဲ့အခါမှာ ကိုယ့်ရဲ့ ဒေတာတွေ မဆုံးရှုံးရဖို့ Backup လုပ်ပြီး တစ်ခြားတစ်နေရာမှာ ပွားသိမ်းထားသင့်ပါတယ်။ ကိုယ့်ရဲ့ ထိရှလွယ်တဲ့ အချက်အလက်တွေ သိမ်းဆည်းတဲ့အခါမှာလည်း ဝှက်စာစနစ် ပြောင်းလဲ သိမ်းဆည်းပေးတဲ့ Encryption စနစ်ကို အသုံးပြုသင့်ပါတယ်။ တစ်နေရာရာကို ရှောင်ရတော့မယ်၊ ဒါမှမဟုတ် အစစ်ဆေးခံရဖို့ သေချာသလောက်ရှိတယ်ဆိုရင်တော့ ကိုယ် သိမ်းထားတဲ့အချက်အလက်တွေကို သေချာစီစစ်ပြီး နေရာပြောင်းလဲ သိမ်းသင့်ရင်သိမ်း၊ ဖျက်သင့်ရင် ဖျက်ပစ်တာမျိုး လုပ်ပါ။

Source : Internet

( ၇ ) အွန်လိုင်းလိမ်လည်မှုတွေကို သတိထားပါ။

ဒစ်ဂျစ်တယ်ပေါ်က ဖျားယောင်းလိမ်လည်သူတွေရဲ့ အန္တရာယ်ကို ဂရုစိုက်ပါ။ ဖုန်းဆက်ပြီး ကံစမ်းမဲပေါက်ပါတယ်ဆိုပြီး ငွေလွှဲပေးဖို့ ဘဏ်အချက်အလက် လိမ်လည်တောင်းခံတာမျိုးတွေ ရှိတတ်ပါတယ်။ ဆက်သွယ်ပြောဆိုကြတဲ့ Platform တွေကနေ အန္တရာယ်များတဲ့ လင့်တွေ ပြန့်လာတတ်ပြီး အဲ့လင့်တွေကိုနှိပ်လိုက်လို့ ရောက်သွားတဲ့နေရာတွေက ကိုယ့်ရဲ့ အကောင့်အချက်အလက်တွေကို တောင်းခံတတ်ပါတယ်။ “ ဗီဒီယိုတစ်ခုထဲမှာ မင်းကို တွေ့လိုက်တယ်၊ စစ်ကြည့်ပါဦး” ဆိုပြီး လင့်တစ်ခု ပို့လာတဲ့အခါ လတ်တလော ကာလအရ စိုးရိမ်ပြီး လင့်ကို နှိပ်လိုက်တဲ့အခါ ကိုယ့်ရဲ့ Facebook Account နဲ့ အကောင့်ဝင်ပြီးမှ ဝင်ကြည့်လို့ရမယ်ဆိုတာမျိုးနဲ့ စိုးရိမ်စိတ်ကို အသုံးချပြီးလည်း လိမ်လည်တတ်ပါတယ်။ ကိုယ်စိတ်မချရတဲ့ Website တစ်ခုခုက ကိုယ့်ရဲ့ အချက်အလက်တွေ တောင်းခံလာတာမျိုး ကြုံရပါက မပေးပါနှင့်၊ မဖြစ်မနေ ပေးဖို့ လိုအပ်လာတယ်ဆိုရင်တော့ ကိုယ်ရေးကိုယ်တာအတွက် မသုံးတဲ့ ၊ ပြောရရင် ကိုယ်ဆိုတာ မသိနိုင်တဲ့ အကောင့်အချက်အလက်မျိုးပဲ ထည့်သွင်းပါ။

Source : Internet

( ၈ ) စိတ်ချရတဲ့ချိတ်ဆက်မှုကိုသာ အသုံးပြုပါ။

အမြဲတမ်း စိတ်ချရတဲ့ အင်တာနက်ကိုပဲ အသုံးပြုဖို့ တိုက်တွန်းပါတယ်။ Public Wifi တွေကို ချိတ်ဆက် အသုံးပြုတဲ့အခါ ကိုယ်ချိတ်ဆက်ထားစဉ်အတွင်း ကိုယ့်ရဲ့ အင်တာနက်ပေါ်က လှုပ်ရှားမှုတွေ အားလုံးကို Wifi admin က မှတ်တမ်းတင်ထားနိုင်တယ်ဆိုတာကို သတိရပါ။ ဒါ့အပြင် ကိုယ်အသုံးပြုနေတဲ့ Telecom ကလည်း ကိုယ့်ရဲ့ လှုပ်ရှားမှုတွေကို သိနိုင်ပါသေးတယ်၊ ကိုယ်ချိတ်ဆက်တဲ့ လမ်းကြောင်းပေါ်မှာလည်း ကိုယ့်အချက်အလက်ကို ကြားဖြတ်ခိုးယူနိုင်တဲ့သူတွေ ရှိပါသေးတယ်။ ဒါကြောင့် အင်တာနက်ချိတ်ဆက်အသုံးပြုတဲ့အခါမှာ ကိုယ့်ကိုကိုယ်ကာကွယ်ထားနိုင်ဖို့ စိတ်ချရတဲ့ VPN တစ်ခုခုကိုလည်း ဖွင့်ထားသင့်ပါတယ်။

Source : Internet

( ၉ ) လုံခြုံတဲ့ဆက်သွယ်ရေးစနစ်ကိုသာ အသုံးပြုပါ။

တစ်ယောက်ယောက် နဲ့ ဆက်သွယ်ပြောဆိုတဲ့အခါတိုင်းမှာ ကြားဖြတ်ဖတ်ရှုတာမျိုး၊ ကြားဖြတ်နားထောင်တာမျိုး မခံရနိုင်တဲ့ ဆက်သွယ်ရေး Platform တွေကပဲ ပြောဆို ဆက်သွယ်ပါ။ Telecom တွေ အားလုံးက လတ်တလောမှ စိတ်ချရတဲ့ အနေအထားမှာ လုံးဝရှိမနေပဲ SIM Card ကို သုံးပြီး ဖုန်းခေါ်ဆိုတာ ၊ စာတို ပေးပေးပို့တာမျိုး မလုပ်သင့်တော့ပါဘူး ။ Signal တို့ ၊ Telegram တို့လို End to End Encryption ပါဝင်တဲ့ Application တွေကတစ်ဆင့် ဆက်သွယ်ပြောဆိုမယ်ဆိုရင်တော့ ဝှက်စာစနစ်ပါဝင်တာကြောင့် ကြားဖြတ်နားထောင်တဲ့၊ ကြားဖြတ်ဖတ်ရှုနိုင်တဲ့ရန်က ဝေးတာကြောင့် ပိုမိုလုံခြုံစိတ်ချရပါတယ်။

Source : Internet

( ၁၀ ) မလိုအပ်ပဲဒေတာတွေမပေးပါနဲ့။

တခြားသူတွေကို ပေးနေရတဲ့ ဒေတာတွေကို လျှော့ချပါ။ Social Media မှာ ပုံတစ်ပုံတင်လိုက်တာလည်း ကိုယ့်ရဲ့အချက်အလက်တစ်ခုကို ကိုယ်တင်လိုက်တဲ့ Social Media ကုမ္ကဏီအပါအဝင် တခြားသူတွေကို ပေးလိုက်ခြင်းမျိုးပါပဲ။ စစ်ကောင်စီက တွေကတစ်ဆင့် ခြေရာခံဖမ်းဆီးမှုတွေ၊ သတင်းပေးဖော်ထုတ်မှုတွေကို Social Media တွေကတစ်ဆင့် ပြုလုပ်နေပြီး ကိုယ့်ကို ထောက်လှမ်းခြေရာခံနိုင်တဲ့အချက်အလက်တွေကို Social Media ပေါ်မတင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလို ဒစ်ဂျစ်တယ်ခြေရာတွေကို လျှော့ချပစ်ပါ။ ကိုယ်ပေးလိုက်တဲ့အချက်အလက်ကြောင့် ကိုယ့်ကိုပြန်ပြီး အန္တရာယ်မပြုမိပါစေနဲ့ ။

Source : Internet

ဒီအချက်တွေဟာ ဒစ်ဂျစ်တယ်ရပ်ဝန်းမှာ လုံခြုံစိတ်ချရနိုင်ဖို့ ပြုမူဆောင်ရွက်သင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။ လူမှာလည်း ကျန်းမာရေးက အရေးကြီးသလို ဒစ်ဂျစ်တယ်ဘဝမှာ ကိုယ်ရေးကိုယ်တာချိုးဖောက်မခံရဖို့ ၊ အချက်အလက်တွေခိုးယူမခံရဖို့ အရေးကြီးပါတယ်။

Leave a comment

-->
Skip to content