Cookie တွေဟာ ကိုယ်ဝင်ရောက်အသုံးပြုနေတဲ့ Website က ကိုယ့်ရဲ့ Browser ထဲမှာ ထည့်သိမ်းထားတဲ့ ဖိုင်သေးသေးလေးတွေပါ။ Cookie တွေဟာ ကိုယ့်ရဲ့ Browser နဲ့ Website Server ကြားမှာ အသွားအပြန်ပို့နေတဲ့ ဖိုင်တွေဖြစ်ပါတယ်။ Website တစ်ခုကို Sign In လုပ်ထားပြီး Browser ကို ပိတ်လိုက်ပေမယ့်လည်း နောက်တစ်ခါ အဲ့ Website ကို ပြန်ဝင်တဲ့အခါမှာ အကောင့်ဝင်နေပြီးသား ဖြစ်နေတာဟာ ဝင်ရောက်တဲ့ Website က အကောင့်ဝင်ခဲ့စဉ်တုန်းက ကိုယ်ပေးခဲ့တဲ့ Username နဲ့ Password ကို Cookie အဖြစ် Browser File တွေထဲမှာ သိမ်းထားတာကြောင့်ဖြစ်ပါတယ်။
အွန်လိုင်းက ဈေးဝယ်ခြင်းတွေမှာသိမ်းထားတဲ့ပစ္စည်းတွေကို Website ဝင်ရောက်အသုံးပြုသူတွေက နောက်တစ်ခေါက် ပြန်ထည့်စရာမလိုပဲ Browser က မှတ်ထားနိုင်အောင်အသုံးပြုရာကနေစပြီး Website တွေမှာ Cookie အသုံးပြုမှုစတင်ခဲ့ပါတယ်။ Cookie ကိုစတင်အသုံးမပြုစဉ်တုန်းက Website တစ်ခုကို ဝင်ရောက်တဲ့အခါတိုင်းမှာ အဲ့ Website မှာ ထည့်သွင်းတဲ့ ၊ ရှာဖွေတဲ့ အချက်အလက်တွေတိုင်းဟာ Website ကို အသုံးပြုလို့ပြီးလို့ Session ကို ပိတ်လိုက်တာနဲ့ ပျက်သွားပါတယ်။ ဒါပေမယ့် အကောင့်ဖွင့်အသုံးပြုရတဲ့ Website တွေပေါ်လာတဲ့အခါမှာ Website ထဲက နောက်စာမျက်နှာတစ်ခုကို သွားတိုင်း အကောင့်ပြန်ဝင်ဖို့ လိုအပ်လာတဲ့ ပြဿနာကို Cookie တွေကို အသုံးပြုပြီး နောက်တစ်မျက်နှာအတွက်ပါ ID ကို မှတ်သားထားပေးစေပါတယ်။ ဒါကြောင့် Website သေချာအလုပ်လုပ်နိုင်ဖို့ မဖြစ်မနေ လိုအပ်တဲ့ Cookie တွေလည်း ရှိပါတယ်။
Cookie တွေထဲမှာ ဘာတွေ သိမ်းထားလဲ
Website တစ်ခုကို ဝင်ရောက်တဲ့အခါမှာ Website ကို ဝင်ရောက်တဲ့ Browser နဲ့ ဖုန်းအမျိုးအစား၊ ကွန်ပျူတာအမျိုးအစားပေါ်မူတည်ပြီး Website က ချိန်ညှိဖော်ပြပေးပါတယ်။ ဉပမာ – ဖုန်းမျက်နှာပြင်အရွယ်အစား၊ Resolution နဲ့ ဖုန်းရဲ့ လိုက်နိုင်မှုတွေပေါ်မူတည်ပြီး အသုံးပြုသူရဲ့ Browser မှာ ဖော်ပြပေးပါတယ်။ အဲ့ဒီ့အချက်အလက်တွေကို Cookie ဖိုင်အဖြစ် သိမ်းထားပြီး နောက်တစ်ကြိမ် ဒီ website ကို ပြန်ဝင်တဲ့အခါမှာ အလိုအလျောက် ကိုက်ညီအောင် ချိန်ညှိပေးပြီး ဝင်ရောက်ရလည်း ပိုမိုမြန်ဆန်စေပါတယ်။
ဒါ့အပြင် ကိုယ်ဝင်ရောက်တဲ့ Website ကို ဝင်ရောက်ခဲ့တဲ့ အချိန်၊ နိုင်ငံ၊ IP Address ၊ အသုံးပြုတဲ့ ကြာချိန်တွေကိုလည်း Cookie တွေအဖြစ် သိမ်းထားပြီး အဲ့အချက်အလက်တွေမှတစ်ဆင့် Website ကိုဝင်ရောက်အသုံးပြုတဲ့သူတွေကို လေ့လာပြီး နားလည်စွာအဆင့်မြှင့်တင်ဖို့၊ လျှော်ညီတဲ့ အကြောင်းအရာတွေကို ဖော်ပြဖို့ အတွက် Website ဖန်တီးသူတွေက အသုံးချပါတယ်။
Website အတွင်း ကိုယ့်ရဲ့ ပြုမူမှုပုံစံကို နားလည်နိုင်ဖို့ Website အတွင်းမှာ ဘယ်လိုအကြောင်းအရာတွေကို ရှာဖွေတယ်၊ ဘယ်စာမျက်နှာတွေကို ဝင်ဖတ်တယ်၊ ဘာတွေကို ဒေါင်းလုတ်ဆွဲတယ်၊ ဘယ်လိုပစ္စည်းတွေ ဝယ်လေ့ရှိလဲ၊ စတဲ့ ကိုယ့်ရဲ့ Website အတွင်း လှုပ်ရှားမှုတွေကို Cookie တွေအနေနဲ့ မှတ်တမ်းတင်ကာ Browser ထဲမှာ သိမ်းထားတဲ့အပြင် ဒီအချက်အလက်တွေကိုလည်း ခွဲခြမ်းစိတ်ဖြာပြီး ပိုမိုစိတ်ဝင်စားဖို့ ကောင်းတဲ့ Website တစ်ခု ၊ အသုံးပြုသူနဲ့ ကိုက်ညီတဲ့ Website တစ်ခုဖြစ်အောင် မြှင့်တင်ကြပါတယ်။
Cookie အမျိုးအစားများ
First Party Cookie တွေဟာ ကိုယ်ဝင်ရောက်အသုံးပြုနေတဲ့ Website က သိမ်းဆည်းထားတဲ့ Cookie တွေ ဖြစ်ပါတယ်။ အဲ့ Cookie တွေကို သက်ဆိုင်ရာ Website ကပဲ အသုံးပြုနိုင်ပါတယ်။ ဉပမာ – www.OSS.com က သိမ်းထားတဲ့ cookie ကို www.QAA.com က ဝင်ရောက်အသုံးမပြုနိုင်ပါ။ သိမ်းဆည်းထားတဲ့ Cookie တွေကို Website ကို မြှင့်တင်ဖို့ နဲ့ ဝင်ရောက်အသုံးပြုသူတွေကို လေ့လာပြီး ကိုက်ညီတဲ့ ကြော်ငြာတွေ ပြပေးနိုင်ဖို့အတွက် အသုံးပြုပါတယ်။ ဉပမာ – ကိုယ်က မြန်မာနိုင်ငံမှာနေထိုင်တယ်ဆို ကိုယ့်နယ်နိမိတ်အတွင်းက ကြော်ငြာရှင်တွေရဲ့ ကြော်ငြာတွေကိုပဲ ဖော်ပြတော့တာမျိုးပါ။ ဒါ့အပြင် Website တွေက တခြား Tracking Cookie တွေကိုလည်း သူတို့ရဲ့ Website အတွင်း ထည့်သွင်းပြီး ဖော်ပြပေးတဲ့ ကြော်ငြာတွေကတစ်ဆင့် ပိုက်ဆံယူကြပါတယ်။ အဲ့တာတွေကိုတော့ Third Party Cookie တွေလို့ ခေါ်ပါတယ်။
Third party Cookie တွေကို Tracking Cookie တွေလို့လည်း ခေါ်ပါတယ်။ Third Party Cookie တွေဟာ ကိုယ်ဝင်ရောက်အသုံးပြုနေတဲ့ Website တွေက ပင်ကိုယ်ထည့်သွင်းထားတဲ့ cookie တွေမဟုတ်ပဲ ကိုယ်ဝင်ရောက်နေတဲ့ Website က တစ်ဆင့်လက်ခံ ထည့်သွင်းထားတဲ့ Cookie တွေ ဖြစ်ပါတယ်။ နားလည်အောင် ပြောရရင် Website တစ်ခုက သူ့ရဲ့ Page ထဲမှာ Youtube Video တစ်ခုကို Embedded လုပ်ပြီး ထည့်ထားတဲ့အခါမှာ အသုံးပြုသူတွေက Google ရဲ့ Cookie Policy ကိုပါ သဘောတူရပါတယ်။ အဲ့ Cookie Policy ဟာ Google ရဲ့ Content ပါဝင်တဲ့ Website တိုင်းမှာ သက်ရောက်ပြီး သိမ်းဆည်းထားတဲ့ Cookie ဟာ Website တစ်ခုမှ တစ်ခု လိုက်ကာ မှတ်သားပါတယ်။ First Party Cookie တွေက သူတို့ Website အတွင်း လှုပ်ရှားမှုတွေကိုပဲ သိမ်းဆည်းထားနိုင်ပေမယ့် Third Party Cookie တွေကျတော့ တစ်ခုမကတော့ပဲ အရေအတွက်များလာပါတယ်။ အဲ့တာကို Cross-site Tracking လို့လည်း ခေါ်ပါတယ်။
Session Cookie နဲ့ Persistent Cookie ဟာ အများအားဖြင့်တူပေမယ့် Persistent Cookie ဟာတော့ Browser File ထဲမှာ သတ်မှတ်ရက်မရောက်မချင်း ပျက်သွားမှာမဟုတ်တဲ့ Cookie အမျိုးအစားဖြစ်ပါတယ်။ သိမ်းဆည်းတဲ့အချက်အလက်ချင်း တူတူပဲ ပေမယ့် Session Cookie တွေကတော့ Browser ကို ပိတ်လိုက်တာနဲ့ ဒါမှမဟုတ် Window ကို ပိတ်လိုက်တာနဲ့ ပျက်သွားပါလိ်မ့်မယ်။ ကြာကြာသိမ်းထားဖို့ လိုအပ်တယ်လို့ Web Developer က ယူဆရင် သိမ်းဆည်းမယ့် Cookie ကို Expire Date ထည့်ပေးလိုက်ပါတယ်။ Expire Date ဟာ တစ်ခုနဲ့တစ်ခု မတူပဲ Developer ရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ပါတယ်။
Cookie တွေဟာ ချိုလား ၊ ခါးလား။
Cookie တွေဟာ ချိုလား၊ ခါးလား မေးရင်တော့ ချိုခါးလေးလို့ပဲ ပြောရမှာဖြစ်ပါတယ်။ Cookie အသုံးပြုမှုကြောင့် လူသားတွေရဲ့ Website တွေကို အသုံးပြုတဲ့ပုံစံကအစပြောင်းလဲသွားပါတယ်။ စာတွေဝင်ဖတ်ရုံသာ ရတဲ့ Website တွေကနေ အသုံးပြုသူတွေကို နားလည်လာတဲ့ Website တွေ ဖြစ်လာပြီး Cookie တွေမှ မရှိဘူးဆို Website ရဲ့ နောက်စာမျက်နှာတစ်ခုကို သွားတိုင်းမှာ အကောင့်တွေ ပြန်ဝင်ရ၊ Setting တွေ ပြန်ချိန်ရ၊ ဝယ်ဖို့မှတ်ထားတဲ့ ပစ္စည်းတွေကို ဈေးဝယ်ခြင်းထဲ ပြန်ထည့်ရနဲ့ တော်တော် အလုပ်ရှုပ်နေမှာပါ။
ဒါပေမယ့် Cookie တွေကတစ်ဆင့် ကြုံတွေ့ရနိုင်တဲ့ ဘေးဉပါဒ်တွေကလည်း ရှိနေပြန်ပါသေးတယ်။Cookies တွေဟာ Website အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို Text File တစ်ခုအနေနဲ့ Browser File ထဲမှာ သိမ်းဆည်းထားတာကြောင့် အသုံးပြုသူဝင်ရောက်တဲ့အခါတိုင်းမှာ အကောင့်ထပ်ဝင်စရာမလိုအောင် ကူညီပေးပါတယ်။ ဒါဟာ အလွန်ကို သက်သောင့်သက်သာဖြစ်ပါတယ်။ တခြားဘယ်သူ့အတွက်လည်း သက်တောင့်သက်သာဖြစ်သေးလည်းဆိုတော့ ကိုယ့်ရဲ့ Browser ကို အသုံးပြုခွင့်တနည်းနည်းနဲ့ ရရှိသွားတဲ့သူဖြစ်ပါတယ်။ ကိုယ်ဝင်ထားပြီး ပြန်မထွက်ထားတဲ့အကောင့်ကတစ်ဆင့် ကိုယ့်ရဲ့ အချက်အလက်တွေ ပေါက်ကြားသွားနိုင်ပါတယ်။ အဲ့တာကြောင့် ကိုယ်ပိုင်ဖုန်း၊ ကွန်ပျူတာပဲ ဖြစ်ဖြစ် ၊ ရုံးတွေ၊ အင်တာနက်ကဖေးတွေက ကွန်ပျူတာတွေမှာပဲ ဖြစ်ဖြစ် Browser တွေထဲမှာ ကျန်ခဲ့မယ့် Cookie တွေကို ရှင်းပစ်သင့်ပါတယ်။
ဒါ့အပြင် Cookie ဟာ Website Server နဲ့ ကိုယ့်ရဲ့ Browser ကြားထဲပေးပို့နေတာဖြစ်လို့ ပေးပို့နေတဲ့ လမ်းကြောင်းဟာ မလုံခြုံဘူးဆိုရင်လည်း ကိုယ့်တောင်းဆိုလိုက်တဲ့၊ ဒါမှမဟုတ် ကိုယ့် Browser မှာ သိမ်းထားမယ့် Session တွေကို ကြားဖြတ်ရယူတာမျိုးလည်း ခံရနိုင်ပါတယ်။ ဒီအခြေအနေမျိုးမကြုံရဖို့အတွက် ဆိုရင်တော့ HTTPS နဲ့စတဲ့ Website တွေသာ ဝင်ရောက်အသုံးပြုကာ ဖြတ်သန်းစီးဆင်းတဲ့လမ်းကြောင်းကို Encrypt လုပ်နိုင်ပါတယ်။ လမ်းကြောင်းကိုပဲ Encrypt လုပ်တာဖြစ်တဲ့အတွက် Cookie File ကတော့ Encrypt ဖြစ်နေမှာမဟုတ်ပါဘူး။
Cross-Site Tracking
အဆိုးဆုံးလို့ပြောလို့ရတဲ့အရာကတော့ Tracking Cookie တွေပါပဲ။ Cookie တွေကို Performance မြှင့်တင်ဖို့ရာအသုံးပြုကြပေမယ့် Cross-site Tracking ကိုအသုံးပြုတဲ့ Third Party Cookie တွေကတစ်ဆင့် အင်တာနက်အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှု၊ Website အတွင်း လှုပ်ရှားမှုတွေ၊ နေထိုင်ရာနိုင်ငံ၊ ဝင်ရောက်တဲ့ဖုန်း၊ ကွန်ပျူတာရဲ့ အမျိုးအစားအချက်အလက်တွေ စတာတွေကို စုဆောင်းကာ ပိုမိုဆီလျော်တဲ့ ကြော်ငြာတွေ ပြသနိုင်ဖို့ အသုံးပြုလာကြပါတယ်။ တနည်းပြောရရင် အင်တာနက်ဈေးကွက်ကို လူသန်းပေါင်းများစွာရဲ့ Browser အသုံးပြုမှုပုံစံတွေကတစ်ဆင့် လေ့လာကာ မြှင့်တင်နေခြင်းပဲ ဖြစ်ပါတယ်။ ဒါတွေဟာ အင်တာနက်အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာကို များစွာထိခိုက်လာပါတယ်။
Cookie ကို Website တွေမှာ စတင်ထည့်သုံးစဉ်က သာမာန်အသုံးပြုသူတွေကို အသိပေးခြင်းမရှိခဲ့ပဲ မီဒီယာတွေပြောမှသာ Cookie တွေရဲ့ ကိုယ်ရေးကိုယ်တာချိုးဖောက်နိုင်စွမ်းကိုသိခဲ့ကြရတာပါ။ အဲ့တာကြောင့် နောက်ပိုင်းမှာ Website တစ်ခုဝင်တိုင်း ဒီ Website အတွင်းမှာ ဘယ်လို Cookie တွေ သိမ်းဆည်းတယ်၊ အဲ့ Cookie တွေကို ဘယ်နေရာမှာ ပြန်လည်အသုံးပြုတယ်၊ ဘာကြောင့်တောင်းခံရခြင်းဖြစ်ပါတယ်ဆိုတာတွေကို ဝင်ရောက်အသုံးပြုသူတွေကို အသိပေးပြီး လက်ခံမှ သိမ်းဆည်းရမယ်ဆိုတဲ့ EU Cookie Law လိုမျိုးတွေ ပေါ်လာပါတယ်။ ဒါပေမယ့်လည်း အသုံးပြုသူအများစုကတော့ Cookie Policy တွေကို ဝင်ရောက်ဖတ်ရှုခြင်းမရှိပဲ Agree ၊ Accept သာ နှိပ်လိုက်ကြတာများပါတယ်။
Website တစ်ခုမှာ Accept လုပ်လိုက်တဲ့ Cookie က ကိုယ့်ရဲ့ Facebook မှာ တက်တဲ့ ကြော်ငြာတွေပေါ်မှာ သက်ရောက်မှု ရှိလာပါတယ်။ Youtube ရဲ့ ဆက်ကြည့်ဖို့ညွှန်းတဲ့ Video တွေမှာ သက်ရောက်မှုရှိလာပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့အရာတွေသာ မြင်တွေ့နေရတာဟာ သက်တောင့်သက်သာဖြစ်ပေမယ့် ဒါတွေဟာ ကိုယ့်ရဲ့အတွင်းအချက်အလက်တွေကို ခြေရာခံရယူပြီးမှ ရလာတဲ့ အရာတွေဖြစ်ပါတယ်။ တစ်ချို့ Website တွေဆို Cookie တွေမှ လက်မခံရင် ဆက်သုံးလို့မရအောင် လုပ်ထားတာမျိုးတွေ ရှိပါတယ်။ ဒါဟာ တစ်နည်းအားဖြင့်နားလည်ရမယ်ဆိုရင် ကိုယ့်ရဲ့ ဒေတာတွေကို ကြော်ငြာကုမ္ပဏီတွေကို ရောင်းစားပြီး ကိုယ့်ကိုတော့ ဘာဝယ်သင့်တယ်ဆိုတာကို ကြားက ပွဲစားလုပ်ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။
အန္တရာယ်များတဲ့ Cookie တွေ ရန်က ဘယ်လို ကာကွယ်မလဲ။
ဒီလို Cookie တွေကို အမြဲမသိမ်းထားသင့်ပဲ ရှင်းလင်းပစ်သင့်ပါတယ်။ Browser တွေမှာ Cookie တွေကို Block လို့ရတဲ့ Setting တွေ ပါဝင်ပြီး Cookie အားလုံးကို Block တာ၊ Third Party Cookie တစ်နည်း Cross Site Cookie တွေကို Block တာ တွေထဲက တစ်ခုခုကို ရွေးချယ်ထားသင့်ပါတယ်။ ဒါ့အပြင် Cookie တွေ Site Data တွေကို Browsing Data တွေနဲ့အတူ တစ်ခါတည်း ရှင်းလင်းပစ်ပါ။ Browser တွေထဲမှာ အကောင့်တွေ အမြဲဝင်ထားတာက နောက်တစ်ခေါက် ပြန်ဝင်ရတဲ့ပျင်းဖို့ကောင်းတဲ့အလုပ်ကို ကျော်ပေးပေမယ့် ဝင်ထားတဲ့အကောင့်တွေရဲ့ Session တွေကို ကြားဖြတ်ပြီး ကိုယ့်ရဲ့အချက်အလက်ကို ခိုးယူတာ ၊ တခြားတစ်နေရာမှာ သုံးစွဲတာမျိုးတွေ ဖြစ်နိုင်လို့ အကောင့်တွေ အမြဲမဝင်ထားပဲ Third Party Cookie တွေရန်ကနေ ကာကွယ်ပါ။ ကြော်ငြာတွေဟာ ကိုယ်နဲ့မဆိုင်ပဲ တက်လို့ ဘာမှမဖြစ်ပါဘူး။ ကြော်ငြာတွေကို ကိုယ့်ဒေတာတွေနဲ့ ဝယ်ကြည့်နေရင်တော့ ပြဿနာပါပဲ။