ChatGPT ကို ဖန်တီးတဲ့ OpenAI ရဲ့ CEO ဖြစ်သူ Sam Altman အပါအဝင် AI ထိပ်သီးသုတေသနေပညာရှင်များစွာ ဟာ AI ကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သတိပေးတဲ့ ထုတ်ပြန်ကြေငြာချက်တစ်ခုကို ပူးတွဲလက်မှတ်ထိုးကာ ကြေငြာခဲ့ပါတယ်။ ထုတ်ပြန်ကြေငြာချက်ထဲမှာ AI ကို စမ်းသပ်ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီတွေလည်း ပါဝင်ခဲ့ပါတယ်။ ထုတ်ပြန်ကြေငြာချက်ဆိုပေမယ့် စာလုံး ၂၂ လုံးသာ ပါဝင်ပြီး “ အေအိုင် မှ မျိုးသုဉ်း ခြင်း ၏ အန္တရာယ် ကို လျော့နည်း စေ ခြင်း သည် ကူးစက်ရောဂါ များ နှင့် နျူကလီးယား စစ်ပွဲ ကဲ့သို့သော လူ့အဖွဲ့အစည်းတစ်ခုလုံးအတိုင်းအတာ အန္တရာယ် များ နည်းတူ ကမ္ဘာလုံး ဆိုင်ရာ ဦးစားပေး မှု တစ် ခု ဖြစ် သင့် သည် ။ “ လို့ ဆိုထားပါတယ်။ Generative AI လို့ ခေါ်တဲ့ ဖန်တီးနိုင်စွမ်းအားရှိတဲ့ AI နည်းပညာတွေ အားကောင်းလာတာနဲ့ အမျှတော့ လူသားတွေရဲ့ AI နည်းပညာအပေါ်မှာ စိုးရိမ်မှုတွေက တဖြည်းဖြည်း ပိုကျယ်လောင်လာပါတယ်။ AI နည်းပညာကုမ္ပဏီတွေကိုယ်တိုင်ကလည်း AI ဟာ ဂရုတစိုက်မလုပ်ဆောင်ရင် မမျှော်လင့်ထားနိုင်တဲ့ အန္တရာယ်မျိုးတွေ ရှိလာနိုင်တယ်လို့ ပြောဆိုကြတာတွေ ကြားရပါတယ်။ အပေါ်က ထုတ်ပြန်ချက်မှာဆိုရင်လည်း AI ဟာ လူသားမျိုးနွယ်စုရဲ့ တည်ရှိမှုကိုတောင် ခြိမ်းခြောက်လာနေဟန် ဆိုထားတာကို တွေ့ရမှာပါ။
Elon Musk နဲ့ AI ထိပ်သီးသုတေသနပညာရှင်တွေလည်း ဒီနှစ်ထဲ မတ်လထဲမှာပဲ AI ဖန်တီးနေတဲ့သုတေသနတွေအားလုံးအနေနဲ့ ကိုယ့်လေ့ကျင့်ပေးနေတဲ့ AI တွေဟာ လက်ရှိအမြင့်ဆုံး GPT4 Model ထက်ကျော်လွန်ပါက လေ့ကျင့်မှုကို အနည်းဆုံးခြောက်လ ချက်ချင်းနားသင့်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ၊ ဘေးသက်ရောက်မှုတွေကို ကြိုတင်အဖြေရှာသင့်တယ်ဆိုတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အိတ်ဖွင့်ပေးစာမှာလည်း ဆောင်ရွက်သင့်တာတွေကို အကြံပြုထားတာပါရှိပါတယ်။အပေါ်က ထုတ်ပြန်ချက်မှာဆိုရင်လည်း AI ဟာ လူသားမျိုးနွယ်စုရဲ့ တည်ရှိမှုကိုတောင် ခြိမ်းခြောက်လာနေဟန် ဆိုထားတာကို တွေ့ရမှာပါ။ သို့ပေမယ့် တကယ်တမ်း လက်တွေ့မှာရော ကမ္ဘာ့သူဌေးကြီးတွေ တစ်ယောက်ပြီး တစ်ယောက် ပြောနေရလောက်အောင် အခြေအနေမျိုး ရောက်နေပြီလားဆိုတာတော့ ပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။
ဖိနှိပ်မှုများ နှင့် ကိုယ်ရေးကိုယ်တာချိုးဖောက်ခံရမှုများ
Generative AI တွေ အားကောင်းလာချိန်မှာ မေးခွန်းပေါင်းများစွာ၊ စိုးရိမ်မှုပေါင်းများစွာကို ကြားလာ၊ အဖြေပိုရှာလာကြပေမယ့် စောင့်ကြည့်ခြေရာခံနိုင်စွမ်းမြင့်မားတဲ့ AI တွေဟာ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ တပ်ဆင် အသုံးပြုနေကြပြီးသား ဖြစ်ပါတယ်။ မျက်နှာအသွင်အပြင် အနေအထားတွေ၊ အသံတွေကို မှတ်သားပြီး CCTV ကွန်ယက်တွေကတစ်ဆင့် ခြေရာခံနိုင်တဲ့ AI နည်းပညာတွေဟာ တစ်နိုင်ငံမှ တစ်နိုင်ငံရောင်းဝယ်နေကြတုန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စာတိုပေးပို့ရာမှာ သတ်မှတ်ထားတဲ့ စကားလုံးတွေနဲ့ မက်ဆေ့တွေကို အလိုအလျောက်ဖော်ထုတ်ပေးနိုင်တဲ့ AI နည်းပညာသုံး ကြားဖြတ်စောင့်ကြည့်စနစ်တွေကို ပြည်ပမှ ဝယ်ယူပြီး ဆက်သွယ်ရေးအော်ပရေတောတွေမှာ တပ်ဆင်ထားတယ်ဆိုတဲ့ သတင်းတွေလည်း တွေ့ကြရမှာပါ။ ဒီနည်းပညာတွေဟာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို နေ့စဉ်နဲ့အမျှ ချိုးဖောက်နေပေမယ့် ဈေးကွက်တစ်ခုရှိနေဆဲဖြစ်ပြီး ဖိနှိပ်မှုမျိုးကို တစ်ခြားသော နိုင်ငံတွေမှာ ပိုမိုကောင်းမွန်တဲ့ ပေါ်လစီတွေရေးစွဲတာ ၊ နည်းပညာအသုံးချမှုကို စိစစ်တာမျိုးလုပ်ဖို့ အဖြေတွေရှာကြပေမယ့် မြန်မာနိုင်ငံအတွင်းမှာတော့ စောင့်ကြည့်မှုမျိုးအတွက် အသုံးပြုနေခြင်းကို စစ်ကောင်စီက တရားဝင်ဖြစ်အောင် ဉပဒေပြုတာမျိုးကို တွေ့ရပါတယ်။
အားကောင်းလာသော အန္တရာယ်များ
နည်းပညာ အားကောင်းလာတာနဲ့ အမျှ လုပ်ဆောင်နိုင်စွမ်းတွေ ပိုမိုမြင့်မားလာပါတယ်။ အချိန်တိုအတွင်း လွယ်ကူလျင်မြန်တဲ့ အချက်အလက်တွေကို ဖော်ပြေပေးနိုင်လာသလိုပဲ AI နည်းပညာအသုံးပြုထားတဲ့ Malware တွေဟာလည်း ယိုပေါက်တွေကို လျင်မြန်စွာ ရှာဖွေတိုက်ခိုက်နိုင်လာပါတယ်။ ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်ကို လေ့လာသင်ယူပြီး ရှာဖွေရခက်ခဲအောင်လည်း လုပ်ဆောင်နိုင်ပါတယ်။ Social Engineering ပြုလုပ်သူတွေဟာ AI နည်းပညာကို အသုံးပြုပြီး လူတွေရဲ့အချက်အလက်တွေကို social media တွေလို လူတိုင်းမြင်ရနိုင်တဲ့နေရာက စုဆောင်းကာ ပစ်မှတ်ထားသူကို ချိတ်မိစေလောက်မယ့် mail တစ်ခုဖန်တီးပေးနိုင်လာပါတယ်။ ဒါပေမယ့် အများသောကုမ္ပဏီတွေအနေနဲ့ ဒီလိုတိုက်ခိုက်မှုတွေကို တန်ပြန်နိုင်မယ့် AI နည်းပညာသုံးကာကွယ်ရေးစနစ်တွေ မတပ်ဆင်းထားကြသေးပါဘူး။ တစ်ဉီးတစ်ယောက်ချင်းစီအအနေနဲ့လည်း အွန်လိုင်းပေါ်က ခွဲခြားရခက်နိုင်တဲ့ လိမ်လည်မှု အန္တရာယ်တွေကို ရင်ဆိုင်ရနိုင်ပါတယ်။
Deep Fake နည်းပညာ ( ရုပ်ပြောင်းရုပ်လွဲ နည်းပညာ )
နည်းပညာကုမ္ပဏီတွေပြောသလို AI နည်းပညာဟာ ပိုမို အားမကောင်းလာသေးခင် လက်ရှိမှာပဲ AI ရဲ့ အန္တရာယ်တွေကို တွေ့နေရပြီဖြစ်ပါတယ်။ AI နည်းပညာသုံးပြီး ပြုပြင်ထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကြောင့် သတင်းအချက်အလက်အမှားတွေပြန်နှံ့စေပါတယ်။ အမျိုးသမီးတွေရဲ့ social media က ဓာတ်ပုံတွေကို AI Chatbotတွေကို အသုံးပြုပြီး ဝစ်လစ်စလစ်ပုံတွေအဖြစ်ပြောင်းလဲကာ ပုဂ္ဂိုလ်ရေးရာတိုက်ခိုက်တာ၊ ခြိမ်းခြောက်ငွေညစ်တာမျိုး နဲ့ ဖိအားပေးလိင်အမြတ်ထုတ်တာမျိုးတွေလည်း ရှိပါတယ်။ AI နည်းပညာကုမ္ပဏီတွေချနေတဲ့ ဆုံးဖြတ်ချက်တွေက လတ်တလော သုံးစွဲသူတွေ အပေါ်မှာ တိုက်ရိုက်သက်ရောက်မှုတွေကတော့ လက်ရှိထိ ရှိနေဆဲဖြစ်ပါတယ်။ အခုချိန်မှာ နည်းပညာကုမ္ပဏီတိုင်းနည်းပါးက သူတို့ရဲ့ ရှိပြီးသားနည်းပညာတွေမှာ AI နည်းပညာကိုထည့်သွင်းဖို့ ကြိုးစားလာကြပါတယ်။ Social media app တွေ၊ website တွေဟာ ပိုမိုအားကောင်းတဲ့ ခြေရာခံမှုတွေ၊ ဒေတာခွဲခြမ်းစိစစ်မှုတွေနဲ့ အသုံးပြုသူတွေကို ပိုမိုနားလည်နိုင်လာပြီဖြစ်ပါတယ်။
လက်ရှိပြဿနာများ
ကုမ္ပဏီတွေက AI ထုတ်ကုန်တွေက ဖြစ်လာနိုင်တဲ့ ဘေးဉပါဒ်တွေမြောက်မြားစွာ ရှိကြောင်း ပြောဆိုနေကြပေမယ့်လည်း ဒီထုတ်ကုန်တွေပေါ်မှာ ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲကာ ရင်းနှီးမြှုပ်နှံနေကြဆဲပဲ ဖြစ်ပါတယ်။ အိတ်ဖွင့်ပေးစာမှာ တောင်းဆိုထားတဲ့အတိုင်း ထုတ်လုပ်မှုတွေရပ်တန့်တာမျိုးတော့ ရှိမနေပဲ AI နည်းပညာသုံးထားတဲ့ ထုတ်ကုန်တွေကိုသာ အမြန်လေး ရောင်းထုတ်နေကြတာကို တွေ့ရပါတယ်။ AI ကြောင့် အလုပ်အကိုင်ဆုံးရှုံးရမှုတွေဖြစ်လာမယ် ဆိုတာမျိုး ပြောကြပေမယ့်လည်း ပိုမိုအားကောင်းတဲ့ AI တွေကို ဆက်လက်ကြိုးစားစမ်းသပ်နေကြဆဲပဲ ဖြစ်ပါတယ်။ လက်ရှိ AI နည်းပညာ တိုးတက်မှု အဆင့်ဟာ AGI ( Artificial General Intelligence ) အဆင့်ပင်မရှိသေးပေမယ့် AI ကုမ္ပဏီတွေကတော့ သူတို့ရဲ့ ထုတ်ကုန်တွေဟာ အားကောင်းလွန်းလို့ လူသားတွေအတွက် အန္တရာယ်ဖြစ်နိုင်ပါတယ်လို့ ပြောနေကြပါတယ်။ ChatGPT ဟာ အားကောင်းတဲ့ AI တစ်ခု ဖြစ်ပေမယ့် တကယ့်အရှိနဲ့ ယှဉ်ရင် ကန့်သတ်မှုများစွာ ရှိနေပါသေးတယ်။ လက်တွေ့မှာတော့ AI တွေ အားကောင်းလာတဲ့ အနာဂတ်ကို ပြောဆိုနေကြတာတွေဟာ လက်ရှိတကယ်တမ်း ဖြစ်နေပြီ ဖြစ်တဲ့ AI ရဲ့ ပြဿနာတွေကို ဖုံးကွယ်နေစေပါတယ်။
AI ကုမ္ပဏီတွေရဲ့ ဒေတာစုဆောင်းမှု
AI တစ်ခု ကောင်းမွန်စွာ အလုပ်လုပ်ဖို့ ဒေတာပေါင်းများစွာ လိုအပ်ပါတယ်။ အမြဲတမ်းလည်း အသစ်ဖြစ်တဲ့အကြောင်းအရာတွေကို သိနေနိုင်ဖို့ စဉ်ဆက်မပြတ် ဒေတာတွေ ထည့်သွင်းပေးနေဖို့လိုအပ်ပါတယ်။ AI ကုမ္ပဏီတွေဟာလည်း ဒေတာတွေကို စုဆောင်းနိုင်ဖို့ ၊ ရရှိတဲ့ဒေတာတွေကို အသုံးဝင်တဲ့ ဒေတာတွေအဖြစ် ပြောင်းလဲနိုင်ဖို့အတွက်လည်း လက်ရှိမှာ တော်တော်လေး ခေါင်းခဲနေကြတာ တွေ့ရပါတယ်။ ဒါ့အပြင် လတ်တလော လူတွေကြားထဲမှာ ပြောဆိုနေကြတဲ့ ဒေတာအသုံးပြုမှုပုံစံတွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ကျယ်ကျယ်လောင်လောင်ကြားလာရပြီး အဖြေရှာဖွေဖို့အတွက် အချိန်နဲ့အမျှ လိုအပ်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။
AI ကုမ္ပဏီတွေရဲ့ ဒေတာစုဆောင်းမှုကို လေ့လာကြည့်ရင် အများစုဟာ Web Scraping လို့ ခေါ်တဲ့ အင်တာနက်ပေါ်မှာ ရှိပြီးသား ဒေတာအချက်အလက်တွေကို စုဆောင်းခြင်းကို အသုံးများကြတာတွေ့ရပါတယ်။ အင်တာနက်ပေါ်က ဒေတာတွေလို့ ပြောတဲ့အခါမှာ နေရာပေါင်းမြောက်များစွာပါဝင်ပြီး တစ်ချို့သော AI ကုမ္ပဏီတွေ စုဆောင်းထားတဲ့ ဒေတာတွေဟာ မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။ အပြောအများဆုံးကတော့ ကိုယ်ရေးကိုယ်တာကာကွယ်ပိုင်ခွင့်ကို ချိုးဖောက်ခြင်း နဲ့ သဘောတူကြည်ဖြူမှု မရှိပဲ အသုံးပြုခံရခြင်းပဲ ဖြစ်ပါတယ်။
ဒီနေ့ AI တွေတော်တော်များများက လူတွေ တောင်းဆိုလိုက်တဲ့ အချက်အလက်တွေကို လူတွေလိုချင်တဲ့ အတိုင်း အနီးစပ်ဆုံးရအောင် ဖန်တီးနိုင်ခြင်းက လူတွေရဲ့ ဒေတာအမြောက်အများကို ထည့်သွင်းပြီး လေ့ကျင့်ထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဉပမာ DALL.E နဲ့ Stable Diffusion လို စာလေးရိုက်လိုက်တာနဲ့ မိမိလိုချင်တဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ ထွက်လာနိုင်အောင် လုပ်ထားတဲ့ AI တွေဖြစ်ဖို့ Web ပေါ်မှာရှိတဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေစတဲ့ ဒေတာအများကြီးကို ထည့်သွင်းပြီး လေ့ကျင့် ထားရတာဖြစ်ပါတယ်။ Stable Diffusion မှာဆိုရင် ဓာတ်ပုံပေါင်း 600 million ကို စုဆောင်း အသုံးပြုထားပါတယ်။ OpenAI ကတော့ 45TB စာရှိတဲ့ စာသားတွေကို စုဆောင်းအသုံးပြုထားပါတယ်။ DallE2 မှာဆိုရင်လည်း 3.5 billion parameter လောက်ရှိတဲ့ ဒေတာတွေကို စုဆောင်းအသုံးပြုထားပါတယ်။ ဒီ ဒေတာတွေအကုန်လုံးဟာ သက်ဆိုင်ရာ AI ကုမ္ပဏီတွေက ဖန်တီးထားတာမဟုတ်ပဲ လူပေါင်းများစွာက ဖန်တီးထားတဲ့ ဒေတာအချက်အလက်အစုအဝေးတွေကို စုဆောင်းအသုံးပြုထားတာဖြစ်ပါတယ်။ ဒီဒေတာတွေထဲမှာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ၊ မူပိုင်ခွင့် နဲ့ ကာကွယ်ထားတဲ့အချက်အလက်တွေ၊ အခမဲ့ရယူသုံးစွဲနိုင်တဲ့ Public Domain က ဒေတာတွေ တွေ ပါဝင်ပါတယ်။
ကိုယ်ရေးကိုယ်တာအချက်အလက် ကာကွယ်ပိုင်ခွင့် နှင့် စိန်ခေါ်မှုများ
နည်းပညာကို ချုပ်ကိုင်ထားနိုင်တဲ့ မ္ပဏီကြီငါးခုဖြစ်တဲ့ Google ၊ Amazon ၊ Facebook ၊Apple နဲ့ Microsoft တို့ဟာ ကိုယ်ရေးကိုယ်တာအချက်အလက်ပေါင်းများစွာကို ပိုင်ဆိုင်ထိန်းသိမ်းထားတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ များပြားလှတဲ့ ဒေတာတွေကို ပိုင်ဆိုင်တဲ့အတွက်လည်း ဈေးကွက်ထိန်းချုပ်မှု နဲ့ အင်တာနက်ကို ပုံပြောင်းနိုင်မှုတွေဟာလည်း သူတို့လက်ထဲမှာ ရှိနေပါတယ်။ ကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုကို စတင်အသုံးပြုစဉ်က ခွင့်ပြုခဲ့ရတဲ့ သဘောတူမှုတွေမှာလည်း ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို စီစစ်ခွဲခြမ်းမယ်၊ နောက် ပြန်လည်အသုံးပြုမယ်ဆိုတာမျိုးတွေ ပါဝင်တာကို သတိထားမိမှာပါ။ အရင်ကတော့ ကြော်ငြာတွေ ပြပေးဖို့၊ သူတို့ရဲ့ Product အသစ်တွေအတွက် သုတေသန လုပ်တဲ့အခါမှာအသုံးပြုဖို့ နဲ့ လိုအပ်လျှင် အခြားသော Third Party တွေကို ဒေတာ မျှဝေခြင်းနဲ့ ရောင်းချခြင်းများလုပ်ဖို့ ပိုများပေမယ့် အခုချိန်မှာတော့ ထုတ်ကုန်အသစ်တွေ ဖန်တီးနိုင်ဖို့ ၊ အားကောင်းတဲ့ AI တွေကို ဖန်တီးနိုင်ဖို့အတွက်ပါ အသုံးပြုလာတော့မှာ ဖြစ်ပါတယ်။ စတင်လည်း ဖန်တီးနေကြပြီဆိုတာကို ဒီရက်ပိုင်းတွေမှာ ထွက်လာတဲ့ Google ရဲ့ Bard တို့ ၊ Microsoft ရဲ့ Bing တို့ကို ကြည့်ပြီး တွေ့နိုင်ပါတယ်။ သို့ပေမယ့် ဒီကိစ္စဟာ ဒီလောက်ထိရိုးရှင်းမနေပဲ ပုံမှန်အခြေအနေလည်း ဟုတ်မနေပြန်ပါဘူး။ လူသားတိုင်းမှာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကာကွယ်ပိုင်ခွင့်၊ သဘောတူကြည်ဖြူမှုမရှိရင် ထည့်သွင်းအသုံးမပြုခွင့် ရှိကိုရှိသင့်နေပြီး နည်းပညာကုမ္ပဏီတွေကတော့ ဒါကို သူတို့ရဲ့ ရပိုင်ခွင့်လို့ မြင်နေပါတယ်။ ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်ခွင့်ဟာ အခြေခံရှိကိုရှိရမယ့် နည်းပညာအစိတ်အပိုင်းတစ်ခု ဖြစ်ကို ဖြစ်နေရမှာပါ။
သတိထားဖို့က လူတွေရဲ့ Personal Data (ပုဂ္ဂိုလ်ရေးရာ) အချက်အလက်တွေ အများဆုံးရှိနေတဲ့ Facebook ကုမ္ပဏီ၊ Google ကုမ္ပဏီအပါအဝင်အခြားသော ကုမ္ပဏီတွေရဲ့ ဒေတာသိမ်းဆည်းခြင်းနဲ့ ဒေတာတွေကို ပြန်လည် အသုံးချတဲ့နေရာတွေကလည်း ပွင့်လင်းမြင်သာမှုနည်းတာကိုတွေ့ရပါတယ်။ ၂၀၂၀ မှာဆိုရင် French data protection authority (ပြင်သစ်ဒေတာကာကွယ်ရေး အာဏာပိုင်) ကို Google ကုမ္ပဏီက 57 Millions ဒဏ်ဆောင်ထားရပါတယ်။ ဘာလို့လဲဆိုတော့ Google ကုမ္ပဏီ က သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာဒေတာကို မည်သို့ အသုံးပြုသည်ကို အသိပေးရန် ပျက်ကွက်ခဲ့သည့်အတွက်ပဲဖြစ်ပါတယ်။ Facebook ကိုပြန်ကြည့်ရင်လည်း ၂၀၁၈ ခုနှစ် မှာ Facebook User ၈၇ သန်းရဲ့ အချက်အလက်တွေကို Cambridge Analytica ဆိုတဲ့ ဒေတာခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီတစ်ခုက စုဆောင်းခွင့်ရခဲ့တာကိုလည်းတွေ့ရပြန်ပါတယ်။ အဲ့ဒီအတွက် Facebook ကို Federal Trade Commission မှ ဒဏ်ငွေ ဒေါ်လာ ၅ ဘီလီယံ ပေးဆောင်ခိုင်းခဲ့ပါတယ်။ AI တွေကို လေ့ကျင့်ပေးဖို့ ဒေတာတွေအများကြီးရှိတဲ့ နည်းပညာကုမ္ပဏီကြီးတွေက အသုံးပြုသူဒေတာတွေကို ဘယ်လိုမျိုးပြန်လည်အသုံးချမလဲ၊ အသုံးချလိုက်ခြင်းအားဖြင့် ဘာအန္တရာယ်တွေ ရှိနို်င်မလဲ ဆိုတာကို ထည့်သွင်းစဉ်းစားရမှာပါ။ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားခြင်းမရှိရင်တော့ အတော်လေးကို အန္တရာယ်များတဲ့ ကိစ္စတစ်ခုဖြစ်လာပါလိမ့်မယ်။ ဒီတော့ လက်ရှိအခြေအနေအထိ AI နည်းပညာကိုဖန်တီးနေတဲ့ ကုမ္ပဏီတွေ အနေနဲ့ အသုံးပြုသူတွေရဲ့ ဒေတာတွေကို ဘယ်လိုစုဆောင်း သုံးစွဲနေလဲဆိုတာကတော့ အခုအချိန်ထိ ပွင့်လင်းမြင်သာမှုမရှိပဲ ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။
AI နဲ့ မူပိုင်ခွင့်ပြသနာ
AI အကြောင်း ပြောမယ်ဆိုရင် မပါမဖြစ် ထည့်သွင်းပြောရမယ့် အကြောင်းအ ရာကတော့ မူပိုင်ခွင့်ပြဿနာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ရှေ့ကာလတွေကတည်းက မေးခွန်းတွေ ထုတ်လာကြပေမယ့် Generative AI လို့ခေါ်တဲ့ ဖန်တီးပုံဖော်နိုင်တဲ့ AI တွေ အားကောင်းလာတဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းလောက်ကစပြီး AI ကုမ္ပဏီတွေ စုဆောင်းအသုံးပြုထားတဲ့ ဒေတာအစုအဝေးတွေနဲ့ ပတ်သတ်လို့ စိုးရိမ်မှုတွေ၊ သဘောမတူညီမှုတွေ ရှိလာခဲ့ပါတယ်။ ဒါနဲ့ ပတ်သတ်လို့စုစည်းကြည့်လိုက်ရင် အဓိက မေးခွန်းကြီး နှစ်ခုကို သွားတွေ့ရပါတယ်။ ပထမ တစ်ခုကတော့ AI နဲ့ ဖန်တီးထားတဲ့အရာတစ်ခုကို မူပိုင်ခွင့်တင်လို့ရသလား ဖြစ်ပြီး ဒုတိယတစ်ခုကတော့ မူပိုင်ခွင့်တင်ထားတဲ့ ဒေတာတွေကို AI တွေ လေ့ကျင့်တဲ့နေရာမှာ သုံးလို့ရလားပဲ ဖြစ်ပါတယ်။
ဒါတွေနဲ့ဆက်စပ်လို့ မေးသင့်တဲ့ မေးခွန်းတစ်ခုအနေနဲ့ “ ကိုယ့်ရဲ့ ဒေတာတွေရော AI တွေကို လေ့ကျင့်ရာမှာ ယူအသုံးခံထားရလား” ဆိုပြီး သက်သက် ရှိနေပြန်ပါတယ်။
AI နဲ့ ဖန်တီးထားတာကို မူပိုင်ခွင့်တင်လို့ရလား။
AI နည်းပညာကို အသုံးပြုပြီး စာတစ်အုပ်ရေးတာ၊ သီချင်းတစ်ပုဒ်ထုတ်လုပ်တဲ့အခါ ထွက်လာတဲ့ ရလဒ်ကို မူပိုင်ခွင့် တင်လို့ရနိုင်ပါသလား ဆိုရင်တော့ လတ်တလောမှာ တိကျသေချာစွာ ကာကွယ်ထားတဲ့ ဉပဒေတစ်စုံတစ်ရာကို လက်ညိုးထိုးပြဖို့ ခက်ပါသေးတယ်။ ဒီနေရာမှာ ဘာကို ကြည့်ကြလဲဆိုရင်တော့ AI သုံးပြီး ဖန်တီးတဲ့အခါ လူသားပါဝင်မှု ဘယ်လောက်ပါဝင်ခဲ့သလဲ ဆိုတာ ကို ကြည့်ကြပါတယ်။ စာတစ်ကြောင်းလောက် ရိုက်ပြီး ထွက်လာတဲ့ ပုံတစ်ပုံကို မူပိုင်ခွင့်တင်ဖို့ ခက်ခဲနိုင်ပေမယ့် ပုံကို Prompt တွေအမျိုးမျိုး သုံးပြီး စမ်းသပ်မယ်၊ ကိုယ်တိုင်လည်း ပြုပြင်ပြောင်းလဲတာတွေ လုပ်မယ်ဆိုရင်တော့ လူသားဖန်တီးတဲ့ပါဝင်မှု မြင့်မားတဲ့အတွက် မူပိုင်ခွင့်တင်လို့ ရကောင်းရနိုင်ပါလိမ့်မယ်။ သို့ပေမယ့် အနုပညာရှင်တစ်ယောက်ရဲ့ လက်ရာအတိုင်း ပုံတစ်ပုံ ၊ သီချင်းတစ်ပုဒ်ဖန်တီးတယ်ဆိုရင်တော့ ဒီရလဒ်တွေဟာ မူပိုင်ခွင့်တင်လို့ ရနိုင်မယ့် ရလဒ်တွေ မဟုတ်ပါဘူး။
မူပိုင်ခွင့်တင်ထားတဲ့ဒေတာတွေကို AI တွေ လေ့ကျင့်ဖို့ အသုံးပြုနိုင်ပါသလား။
Getty Image တို့ ShutterStock တို့လို မူပိုင်ခွင့် နဲ့ ကာကွယ်ထားတဲ့ stock ဓာတ်ပုံဝက်ဘ်ဆိုက်တွေဟာလည်း ဒေတာစုဆောင်းခံရတဲ့နေရာတွေထဲမှာ ပါဝင်တာ တွေ့ရပါတယ်။ ဒါ့အပြင် WordPress တို့ Blogspot တို့မှာ ဖန်တီးထားတဲ့ Personal Blog တွေ ၊ DeviantArt တို့ Artstation တို့လို အနုပညာပလက်ဖောင်း တွေကနေလည်း ရယူစုဆောင်းထားတာတွေ့ရပါတယ်။ နာမည်ကြီးပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေမြောက်များစွာရဲ့ ပုံတွေလည်း ပါဝင်ပြီး သဘောတူကြည်ဖြူမှုမပါပဲ စုဆောင်းခံရတာကို မကျေနပ်ကြတဲ့ အနုပညာရှင်ပေါင်းများစွာကလည်း သူတို့ရဲ့ ပုံတွေကို သက်ဆိုင်ရာပလက်ဖောင်းတွေကနေ ပြန်လည်ဖြုတ်ချခဲ့ပါတယ်။ သို့ပေမယ့် AI ကို စအသက်သွင်းကတည်းက ယူသုံးထားပြီးဖြစ်တဲ့ ၊ တစ်နည်းအားဖြင့်ဆိုရင် စုဆောင်းခံရပြီးသားဖြစ်တဲ့ အရာတွေအတွက်တော့ ဘာမှလုပ်ပိုင်ခွင့်မရှိနေသေးတာကိုလည်း တွေ့ရပါတယ်။
တရားဝင်ပြုမှု နှင့် စံနှုန်းများ
AI ကုမ္ပဏီတွေဟာလည်း ဒီလို စုဆောင်းအသုံးပြုမှုတွေဟာ US နဲ့ UK ရဲ့ Fair Use Doctrine လို ဉပဒေတွေအရ တရားမျှတမှု ရှိတယ်လို့ ရပ်ခံပြောဆိုကြပါတယ်။ အခွင့်အရေးချိုးဖောက်ခံရတယ်လို့ ယူဆရတဲ့အသိုင်းအဝိုင်းမှာတော့ ဒါဟာ တရားမျှတမှုမရှိဘူး၊ ပြီးတော့ တရားမဝင်ဘူးလို့ ပြောဆိုသံတွေလည်း ကြားရပါတယ်။ သို့သော် တိကျတဲ့အဖြေတစ်ခုဟာ မပေါ်ပေါက်လာသေးပါဘူး။ ကုန်ကျစရိတ်များပြားနိုင်တဲ့တရားစွဲဆိုမှုတွေလုပ်ဖို့လည်း အင်အားကြီးမားတဲ့ AI ကုမ္ပဏီတွေကို ယှဉ်ပြိုင်ရင်ဆိုင်နိုင်တဲ့ သူရယ်လို့ တော်တော်လေး နည်းပါးသေးတာလည်း တွေ့ရပြီး လက်ရှိအထိ တရားစတင်ရင်ဆိုင်နေတဲ့ အမှုတွေမှာလည်း အမိန့်ချမှတ်တာ၊ လျော်ကြေးပေးဆောင်စေတာမျိုး စတဲ့ ဆုံးဖြတ်ချက်ချတာမျိုးတွေ မရှိသေးပါဘူး။ သို့ပေမယ့် 12 million ပမာဏရှိသော ဓာတ်ပုံတွေကို ခွင့်ပြုခြင်းမရှိ၊ အခကြေးငွေပေးဆောင်ခြင်းမရှိပဲ စုဆောင်းအသုံးပြုခံခဲ့ရတဲ့ Getty Image ကတော့ Stable Diffusion ကို တရားစတင်ရင်ဆိုင်တော့မယ်ဆိုတဲ့ သတင်းကို ခုရက်ပိုင်းတွေမှာ တွေ့ရှိရပါတယ်။ ဒါဟာလည်း AI ကုမ္ပဏီတွေနဲ့ ဒေတာအစုဆောင်းခံရတဲ့ ကုမ္ပဏီတွေကြားက ဘယ်လိုဆက်ဖြစ်မယ်ဆိုတဲ့ အဖြေတစ်ခုကို မြင်ယောင်နိုင်မယ့် တရားစွဲဆိုမှု တစ်ခုလည်း ဖြစ်လို့ ဆက်လက်စောင့်ကြည့်ရမယ့် ယှဉ်ပြိုင်မှုတစ်ခု ဖြစ်ပါတယ်။
ဒီလိုကိစ္စတွေကြားထဲမှာလည်း US အစိုးရအနေနဲ့ AI နဲ့ ဖန်တီးတာတွေကို ဘယ်လိုနည်းမူပိုင်ခွင့်ရအောင် မှတ်ပုံတင်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်တစ်ခုကို ၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ UK အစိုးရအနေနဲ့လည်း Generative AI ကုမ္ပဏီတွေအနေနဲ့ လိုက်နာရမယ့် မူဝါဒ တွေကို ထုတ်ပြန်ထားပါတယ်။ ဒါတွေနဲ့ fair use policy တွေဟာ လတ်တလော AI ရဲ့ ဒေတာအသုံးပြုမှုပုံစံနဲ့ ပတ်သတ်လို့ ရှိနေတဲ့ ဉပဒေ နဲ့ စံနှုန်းတွေပဲ ဖြစ်ပါတယ်။
မူပိုင်ခွင့်ပြဿနာအား ဖြေရှင်းနေသည့် နည်းလမ်းများ
နည်းပညာတစ်ခု အားကောင်းလာတာနဲ့အမျှ လူ့အဖွဲ့အစည်းအတွင်းမှာ တိုးတက်ပြောင်းလဲမှုတွေ ရှိလာပေမယ့်လည်း လူ့အဖွဲ့အစည်းထဲက တစ်ချို့သော အစိတ်အပိုင်းတွေမှာ ထိခိုက်မှုတွေ၊ အငြင်းပွားမှုတွေနဲ့ မေးခွန်းတွေလည်းရှိနေပြန်ပါတယ်။ AI နည်းပညာဟာလည်း ဒေတာတွေကို လိုကိုလိုအပ်တဲ့ အနေအထားမှာ မူပိုင်ခွင့်ကိုင်ဆောင်ထားသူတွေနဲ့ AI ကုမ္ပဏီတွေကြားမှာ ရှိရမယ့် အဖြေတစ်ခုကိုလည်း နည်းလမ်းမျိုးစုံနဲ့ ရှာဖွေနေကြပါတယ်။ AI ကုမ္ပဏီအသစ်တွေအနေနဲ့ မူပိုင်ခွင့်ချိုးဖောက်ခြင်းမရှိမယ့် ဒေတာတွေကိုသာ အသုံးပြုဖို့ နည်းလမ်းတစ်ခုအနေနဲ့ Code တွေကို Open-source Lincense နဲ့ Developer တွေက တင်ပေးထားတဲ့ The Stack လို AI အတွက် လိုအပ်တဲ့ ဒေတာတွေ စုဆောင်းပေးထားမယ့် နေရာမျိုးကို စတင်လာကြပါတယ်။ ဒါ့အပြင် AI မှာ စုဆောင်းအသုံးပြုခံထားရတဲ့ အနုပညာရှင်တွေကို လျော်ကြေးပေးဖို့ ရပ်တည်ငွေထောက်ပံ့တဲ့စနစ်ကို Shutterstock မှာ စတင်မယ်ဆိုတာမျိုး ကြားရပါတယ်။ DeviantArt ကတော့ သူ့ ဝက်ဘ်ဆိုက်တွေမှာ ရှိတဲ့ ဒေတာတွေကို AI တွေက စုဆောင်းတာမျိုး မလုပ်အောင် သတိပေးတဲ့ metadata tag တွေကို အသုံးပြုလာပါတယ်။ သို့သော် ကိုယ့်နည်းကိုယ့်ဟန်တွေ နဲ့သာ ဖြစ်နေသေးပြီး သတ်မှတ်ထားတဲ့ အသုံးပြုမှုပုံစံတစ်ခုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာ နဲ့ မရှိသေးပါဘူး။
နည်းပညာကုမ္ပဏီကြီးတွေရဲ့ သူတို့ဝန်ဆောင်မှုကိုအသုံးပြုတဲ့အတွက်ဆိုပြီး ပေးထားရတဲ့ ကိုယ်ရေးကိုယ်တာဆန်တဲ့ ၊ တစ်ချို့အခြေအနေတွေမှာ ထိရှလွယ်တဲ့ ဒေတာတွေနဲ့ ပတ်သတ်လို့ အသုံးပြုသူတွေမှာ ငြင်းဆန်ပိုင်ခွင့်၊ ကိုယ်ရေးကိုယ်တာကို အလေးပေးခံရမှုတွေကတော့ ပျောက်ဆုံးနေတုန်းပဲ ဖြစ်ပါတယ်။